ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လောင်စာတောင့်စက်ရုံ ကြည့်ရှုစစ်ဆေး

ပုသိမ် နိုဝင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် နိုဝင်ဘာလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ပိုးလောင်းကျေးရွာအုပ်စု၊ ညောင်ချောင်းလေးကျေးရွာရှိ SSBE(Myanmar) Group Company Limited လောင်စာတောင့်စက်ရုံသို့ ရောက်ရှိ၍ စပါးခွံ‌လောင်စာအသုံးပြု ဘွိုင်လာမှ တာဘိုင်အားလည်ပတ်စေပြီး လျှပ်စစ်ဓာတ်အားထုတ်ယူပုံ အဆင့်ဆင့်အားလည်းကောင်း၊ စက်ရုံအတွင်း လျှပ်စစ်ဖြန့်ဝေပေးပို့သည့် ထိန်းချုပ်ခန်းအားလည်းကောင်း၊ လောင်စာတောင့် ထုတ်လုပ်ရန် စပါးခွံနှင့် မြေပဲခွံများအား  အမှုန့်ကြိတ်ခြင်း၊ ရောနှောခြင်းနှင့် လောင်စာတောင့် ထုတ်လုပ်ခြင်းတို့၌ အသုံးပြုသည့်  စက်ကိရိယာများ၏ လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်တို့အားလည်းကောင်း လှည့်လည်ကြည့်ရှုကာ သိရှိလိုသည်များ မေးမြန်းခဲ့ရာ စက်ရုံတာဝန်ရှိသူများမှ လိုက်လံရှင်းတင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် စက်ရုံအစည်းအဝေးခန်းမသို့ ရောက်ရှိ၍ စက်ရုံတာဝန်ခံမှ စက်ရုံလည်ပတ်မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စျေးကွက်ရရှိမှု အခြေအနေများ၊ ဈေးကွက်တင်ပို့မှု အခြေအနေများ၊ ကုန်ကြမ်းရရှိမှု အခြေအနေများ၊ စက်ရုံစွန့်ပစ်စပါးခွံလောင်စာများမှ မြေဩဇာထုတ်လုပ်နိုင်မည့် အခြေအနေများ၊ ကုမ္ပဏီရှေ့ဆက် ဆောင်ရွက်မည့် အစီအစဉ်များအား မေးမြန်းခဲ့ပြီး ကုမ္ပဏီတာဝန်ခံမှ အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လောင်စာတောင့်များကို အရည်အသွေးပြည့်မီအောင် ထုတ်လုပ်မှစျေးကွက်တွင် စျေးကောင်းရရှိမည် ဖြစ်ကြောင်း၊ စက်ရုံအား ယခုထက်ပိုမို တိုးတက်အောင်မြင်အောင် ဆောင်ရွက်ရန်နှင့် စက်ရုံစွန့်ပစ်ပစ္စည်းများမှ သဘာပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး စနစ်တကျဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)