မြင်းမူမြို့နယ်တွင် စတုတ္ထနှစ် မြစိမ်းရောင်ချေးငွေများ အိမ်တိုင်ရာရောက် လက်ရောက် ထုတ်ချေးပေး

မြင်းမူ စက်တင်ဘာလ ၂၁

ကျေးလက်ဒေသနေပြည်သူများ ဆင်းရဲမှုလျှော့ချရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများအတွက် ရင်းနှီးမြုပ်နှံ  လုပ်ကိုင် ဆောင်ရွက်နိုင်ရန်အတွက်  စစ်ကိုင်းတိုင်းဒေသကြီး၊  စစ်ကိုင်းခရိုင်၊   မြင်းမူ မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက (စတုတ္ထနှစ်) မြစိမ်းရောင် ချေး ငွေများကို မြို့နယ်အတွင်းရှိ မေဂျာကျေးရွာသို့ ယမန်နေ့က  သွားရောက် ထုတ်ချေး ပေးခဲ့ကြောင်း သိရှိရသည်။

ထုတ်ချေးငွေများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်၊ ကိုဗစ် ၁၉ ကာလ ညွှန်ကြားချက်များနှင့် အညီ၊ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက်   ကျေးရွာမြစိမ်းရောင် အဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ချေးငွေများကို အိမ်တိုင်အရောက် လိုက်လံထုတ်ချေးပေးခြင်း ဖြစ်ကြောင်း၊ ယခုထုတ်ချေးပေးသည့်  မေဂျာကျေးရွာတွင် မြစိမ်းရောင်ချေးငွေကိုရယူလျှက် စိုက်ပျိုးရေး လုပ်ကိုင်နေသူ (၇၉) ဦးနှင့် မွေးမြူရေးလုပ်ကိုင်သူ (၁၈) ဦးအတွက် ထုတ်ချေးငွေပေါင်းမှာ ငွေကျပ် (၃၈ ဒဿမ ၅၃) သန်း ဖြစ်ကြောင်း၊ မိသားစု တစ်ပိုင်တစ်နိုင်  စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေမှုများကြောင့် ယင်းတို့၏စီးပွားရေးမှာ အခြေ အနေမှာ ပိုမိုအဆင်ပြေလျက်ရှိကြောင်း၊  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊   မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီထံမှ သိရှိရသည်။

မြင်းမူမြို့နယ်အတွင်း စတုတ္ထနှစ်ကာလအတွက်  ကျေးရွာ(၃)ရွာအား  ထုတ်ချေးပေးရန်လျာထား ခဲ့ပြီး၊ ကျေးရွာ(၂)အတွက် မြစိမ်းရောင်ချေးငွေ(၈၅ဒဿမ၂၃)သန်းကိုထုတ်ချေးခဲ့ပြီးဖြစ်ကြောင်း၊ အလားတူ ပဉ္စမနှစ်အတွက်ကျေးရွာ(၅)ရွာကို ထုတ်ချေးရန်လျှာထားခဲ့ပြီး၊  ယခုအခါ ကျေးရွာ (၃) ရွာအတွက်  ငွေကျပ် (၁၆၈ ဒဿမ ၅၅) သန်းကို ထုတ်ချေးဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊    ကျန်ရှိကျေးရွာ (၃) ရွာကိုလည်း ဆက်လက်ထုတ်ချေးပေးရန် ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)