ငဖဲ နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြပြီး ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ၂၀၂၂ ခုနှစ် ဆောင်းသီးနှံများ စိုက်ပျိုးရာသီတွင် ဆောင်းသီးနှံမျိုးစုံ (၇၁၈၇)ဧက စိုက်ပျိုးပြီးစီးကာ လျာထားချက်ထက် (၁၇၃၄)ဧက ကျော်လွန်စိုက်ပျိုး ပြီးဖြစ်ကြောင်း ငဖဲမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးမှ သိရသည်။
ငဖဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံများစိုက်ပျိုးရာသီ၌ ပဲမျိုးစုံ (၆၇၂)ဧက၊ ဆီထွက်သီးနှံ (၁၀၁၆)ဧက၊ စားဖိုဆောင်နှင့် အခြားသီးနှံ (၃၇၆၅)ဧက စုစုပေါင်း(၅၄၅၃)ဧက စိုက်ပျိုးရန် လျာထားပြီး ယနေ့ အချိန်ထိ (၇၁၈၇)ဧက စိုက်ပျိုးပြီးဖြစ်ရာ လျာထားချက်ထက် (၁၇၃၄)ဧက ကျော်လွန် စိုက်ပျိုးပြီးဖြစ်ကြောင်း၊ စိုက်ပျိုးရာတွင် မန်းချောင်းရေလှောင်တမံဆည်ရေ၊ ရင်းရှည်ရေလှောင်တမံ ဆည်ရေ၊ ဆည်ငယ်၊ ကန်ငယ်ရေများနှင့် မြေအောက်ရေတင်၍ စိုက်ပျိုးကြကြောင်း၊ နှစ်ရှည်သီးနှံပင်များနှင့် သီးထပ်၊ သီးညှပ်ရောနှောစိုက်ပျိုးလျက်ရှိပြီး ကုလားပဲသီးနှံနှင့် ဆောင်းနေကြာကို ပိုမိုစိုက်ပျိုးကြ၍ လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်အတွင်း ဆောင်းသီးနှံများ စိုက်ပျိုးပြီးစီးမှုအနေဖြင့် ယနေ့အထိ ဆီထွက်သီးနှံ ( ၅၃၄ ) ဧက၊ ပဲမျိုးစုံ(၄၆၃၀)ဧကနှင့် အခြားသီးနှံ (၂၀၂၃) ဧက စုစုပေါင်း (၇၁၈၇)ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်းနှင့် စိုက်ပျိုးထားသော ဆောင်းသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး၊ ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးမြင့်သိန်းနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးကျော်လင်းထွန်းတို့က ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက် စိုက်ပျိုးထားရှိသော ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေး၊ ဆောင်းသီးနှံများ အရည်အသွေးကောင်းမွန်ရေး၊ အထွက်နှုန်းကောင်းမွန်ရေးနှင့် တောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာ လိုအပ်ချက်များကို ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)