ဖြူးမြို့နယ် အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာအသိပညာပေး၍ အခြေခံ ကိုယ်လက်ကြံ့ခိုင်ရေး အားကစားနည်းများ ဆောင်ရွက်ပေး

ဖြူး နိုဝင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ အ‌ခြေခံပညာကျောင်းများတွင် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီအချိန်က ဖြူးမြို့နယ်၊ ရေလျှံလေးကျေးရွာအခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် ဇေယျဝတီဂျေပူ အထကကျောင်းတို့တွင် ကျောင်းသား/ ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေး၍ အခြေခံကိုယ်လက်ကြံ့ခိုင်ရေး အားကစားနည်းများ ဆောင်ရွက်ပေးပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဖြူးမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်သူဇာလွင်က ကျောင်းသား/ ကျောင်းသူများအား အားကစားစိတ်ဓါတ်ရှိရေး၊ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များမှစတင်ကာ ကိုယ်ခန္ဓာ ကြံ့ခိုင်စေရေး၊ စိတ်ဖိစီးမှုကို လျော့ကျစေရေး၊ ဉာဏ်ရည်ကောင်းမွန်စေရေး၊ သက်လုံကောင်းစေပြီး ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေရေးအတွက် ဖြူးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒေါ်မေချစ်ဦးက အခြေခံကိုယ်လက်ကြံ့ခိုင်ရေး အားကစားနည်းများကို လက်တွေ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)