ကျိုက်လတ် စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့ နံနက်ပိုင်းမှစ၍ အငြိမ်းစား ပင်စင်လစာများ ထုတ်ပေးလျက်ရှိသည်။ ထိုသို့ထုတ်ပေးရာတွင် ယခုဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ကူးစက်ရောဂါ နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်သည့် အနေဖြင့် လူစုလူဝေးမဖြစ်ပေါ်စေရန် ကျန်းမာရေး ဦးစီးဌာန၏ ညွှန်ကြားချက် နှင့်အညီ စနစ်တကျ စီစဉ်ဆောင်ရွက်ထားရှိခြင်း၊ လက်ဆေးရန် နေရာနှင့် Hand Gel များ ထားရှိပေးပြီး နှာခေါင်းစည်း (Mask) များ မဖြစ်မနေ တပ်ဆင်လာကြရန် နှိုးဆော်ဆောင်ရွက်ထားရှိသည်။
မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် ဦးဆောင်၍ ဝန်ထမ်း မိသားစုများ က ပင်စင်စား အဘိုးအဘွားများအား တစ်ဦးလျှင် နှာခေါင်းစည်း (Mask) ၅ခုစီနှင့် အဆာပြေ အစားအစာများ လှူဒါန်း ခဲ့ကြသည်။
ပင်စင်လစာများ ထုတ်ပေးရာတွင် နယ်ဝေးမှပင်စင်စားများကို (၂၁-၉-၂၀၂၀) ရက်နေ့ ၊ အမှတ်(၁) နှင့် (၄) ရပ်ကွက်ကို (၂၂-၉-၂၀၂၀) ရက်နေ့ ၊ အမှတ်(၂) နှင့် (၃) ရပ်ကွက် ကို (၂၃-၉-၂၀၂၀) ရက်နေ့ ၊ အမှတ်(၅) နှင့်(၆)ရပ်ကွက် ကို (၂၄-၉-၂၀၂၀) ရက်နေ့တွင် ထုတ်ယူနိုင်ကြောင်း နှင့် အဆိုပါ သတ်မှတ်ရက်များတွင် လာရောက် ထုတ်ယူနိုင်ခြင်း မရှိပါက မိမိအဆင်ပြေမည့် အခြားဘဏ်ရုံးဖွင့်ရက်များတွင် ပုံမှန်ရုံးချိန်အတွင်း လာရောက်ထုတ်ယူနိုင်ကြောင်း မြန်မာ့ စီးပွားရေးဘဏ် ကျိုက်လတ်ဘဏ်ခွဲမှ သိရသည်။
ရီရီမြင့်(ကျိုက်လတ်)