ထားဝယ် နိုဝင်ဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမ(၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာလ(၂၅)ရက်နေ့ မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ကျော်က တက်ရောက် အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)နှင့် ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ)များ၊ မြို့နယ်ဦးစီးအရာရှိ(မြို့ပြ)များမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ပြည်ထောင်စု/တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ များဖြင့် ပထမ(၆)လပတ် ကာလအတွင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများ အခြေနေများနှင့် ဆက်လက်စီမံဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအား အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေ (၁၂၇၆.၁၅၀) သန်းဖြင့် ကျေးလက်လမ်း(၇)လမ်း လမ်းမိုင်(၇)မိုင် (၇)ဖာလုံနှင့် ကျေးလက်တံတား(၂)စင်းအား လည်းကောင်း တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ (၁၂၅၇၆.၂၄၁၅)သန်းဖြင့် ကျေးလက်လမ်း(၆၃)လမ်း လမ်းမိုင်(၇၇)မိုင်(၇)ဖာလုံနှင့် ကျေးလက်တံတား(၆၇)စင်းကို ကျေးလက်ပြည်သူလူထု အထောက်အကူပြု ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများအဖြစ် အဆင့်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)