မြောင်းမြ နိုဝင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ ရန်မနိုင်ကျေးရွာနှင့် ကွမ်းခြံကြီးကျေးရွာများသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ထက်အောင် ဦးဆောင်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သောအဖွဲ့သည် ယမန်နေ့က ကျေးရွာများရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆွေးနွေးဆောင်ရွက်ခဲ့သည်။
အဆိုပါ ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံပွဲတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တရားဥပဒေ စိုးမိုးရေး အစီအမံများ၊ ကျေးရွာလျှပ်စစ်မီးလင်းရေးကိစ္စရပ်များ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး အတွက် လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များ၊ အခြေခံလူဦးရေစာရင်းများ တိကျမှန်ကန်ရေး အတွက် ပန်းခင်းစီမံချက် (၂) ဖြင့် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများ၊ ကျေးလက်လမ်း ခင်းကျင်းရန် လျာထားဆောင်ရွက်နေမှုများ၊ နွေစပါး၊ နေကြာ စသည့်သီးနှံ စိုက်ပျိုးဖြစ်ထွန်းမှုတို့အား အသိပေးဆွေးနွေးကာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ပူးပေါင်းပါဝင်ရန် လိုအပ်မှုအား ရှင်းလင်းပြောကြား၍ ကျေးလက်နေပြည်သူများ၏ တင်ပြချက်၊ လိုအပ်ချက်များကို သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)