ဘိုကလေး နိုဝင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ မာဃ(၁၄)လမ်း လမ်းအလယ်၌ ဘိုကလေးမြို့၊ သရက်ချောင်းအတွင်းသို့ စီးဆင်းသော ချောင်းငယ်လေးအားဖြတ်၍ တည်ဆောက်ထားသော ကွန်ကရစ်တံတားသည် ကျဉ်းလွန်းသည်ကတစ်ကြောင်း၊ လူသွားလမ်းကိုလည်း ချဲ့ထွင်ရန်ရှိသည်ကတစ်ကြောင်း၊ ချောင်းကူးတံတား တည်ဆောက် ခဲ့သည်မှာ နှစ်ကာလကြာမြင့်ခဲ့ပြီဖြစ်သဖြင့် တံတားပျက်စီးယိုယွင်းလာသည်က တစ်ကြောင်းကြောင့် အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်နိုင်၏ ဦးဆောင်စီစဉ် ကြီးကြပ်မှုနှင့်အတူ လမ်းသူလမ်းသားများ၏ စုပေါင်းလှူဒါန်း ထည့်ဝင်မှုများဖြင့် ကိုယ်ထူကိုယ်ထစနစ် ချောင်းကူးကွန်ကရစ်တံတား အသစ်ပြန်လည်တည်ဆောက် လျက်ရှိသည်။
တံတားတည်ဆောက်ရာတွင် လမ်းသူလမ်းသားများ၏ လုပ်အားဒါနများဖြင့် တံတားဟောင်းအားဖျက်ချ၍ တံတားအကျယ် (၁၃)ပေ၊ အရှည် (တံတားခြေဆင်းအပါအဝင်) (၅၀)ပေနှင့် အထူ (၅)လက်မ ကွန်ကရစ်တံတားအား တည်ဆောက်ခြင်းဖြစ်ပြီး မကြာခင်တွင်လည်း လမ်းသူလမ်းသားများ၏ ကိုယ်ထူကိုယ်ထစနစ်ဖြင့် အဆိုပါ အမှတ်(၇)ရပ်ကွက်၊ (၁၄)လမ်းကိုလည်း ကွန်ကရစ်လမ်းအကျယ် ဆက်လက်ချဲ့ထွင် သွားရန်ရှိကြောင်း လမ်းသူလမ်းသားများထံမှ သိရသည်။
မိုးစက်(ဘိုကလေး)