သရက်ချောင်း နိုဝင်ဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ပညာရတနာခန်းမ) ၌ ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ လက်ထောက်ပညာရေးမှူး ဦးစိုးလွင်က ကျောင်းသား၊ ကျောင်းသူများအား အကျင့်၊ သီလ၊ စာရိတ္တကောင်းမွန်ပြီး ထူးချွန်ထက်မြက်သော လူငယ်၊ လူရွယ်များ ဖြစ်လာစေရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး သရက်ချောင်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇေယျာဌေးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍကိုလည်း လေ့လာလိုက်စားစေလိုကြောင်း၊ အားကစားအမျိုးအစား (၄) မျိုးအကြောင်းနှင့် အားကစားပြုလုပ်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကို အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေမည့်စာပေများကို ဖတ်ရှုလေ့လာရန်လိုကြောင်း၊ နောင်တစ်ချိန်တွင် နိုင်ငံနှင့် လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက်လာကြရမည်ဖြစ်ပြီး ယခုအရွယ်မှစပြီး ဗလငါးတန်နှင့်ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ မိမိဘဝတက်လမ်း အတွက် ရည်မှန်းချက်ထားပြီး အမြဲကြိုးစားကြရန် စသည်ဖြင့် ဟောပြောခဲ့ပြီး အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးဇေယျာဌေးက အားကစားပစ္စည်းများပေးအပ်ကာ တာဝန်ရှိသူက လက်ခံခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သားကြီး(သရက်ချောင်း)