မင်းလှမြို့နယ်၌ အခြေခံပညာကျောင်းပေါင်းစုံ မြို့နယ်အဆင့် လူရည်ချွန်ပြိုင်ပွဲကျင်းပ

အထက်မင်းလှ နိုဝင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်းစုံ မြို့နယ်အဆင့်လူရည်ချွန်ပြိုင်ပွဲကို  ယနေ့ နံနက် ၉ နာရီ အချိန်က မင်းလှအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

လူရည်ချွန်ပြိုင်ပွဲတွင် မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ   Grade-9 မှ Grade-11 အထိ ပါဝင် ယှဉ်ပြိုင်ကြရာ  Grade-9 မှ ကျောင်းသား/ကျောင်းသူ(၁၀)ဦး၊ Grade-10 မှ ကျောင်းသား/ကျောင်းသူ(၁၀)ဦး၊ Grade-11 မှ ကျောင်းသား၊ ကျောင်းသူ(၈)ဦး  စုစုပေါင်း(၂၈)ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်းနှင့် ဖြေဆိုသည့် ဘာသာရပ်များမှာ  မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ၊ လူ‌တွေ့စစ်ဆေးခြင်း၊   ကိုယ်ကာယဘာသာရပ်များကို နိုဝင်ဘာလ (၂၈) ရက်နေ့မှ ၃၀ ရက်နေ့အထိ ဖြေဆိုမည်ဖြစ်သည်။

အဆိုပါ လူရည်ချွန်ဖြေဆိုသူများကို Grade-9 မှ Grade-11 အထိ အတန်းလိုက် တစ်တန်းလျှင် ကျား၊ မ တစ်ဦးစီရွေးချယ်ပြီး သရက်ခရိုင် အဆင့်ဆက်လက်၍ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)