ကျောက်ကြီး နိုဝင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီ အချိန်ခန့်က အခြေခံပညာဦးစီးဌာန၏ စီမံမှုဖြင့် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေး စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်ပညာရေးမှူးရုံးမှ ကြီးကြပ်၍ ကျင်းပခဲ့ကြောင်းသိရသည်။
မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စစ်ဆေးဆောင်ရွက်ခြင်းအား ကျောက်ကြီးမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများရှိ Grade - 9 မှ ကျောင်းသား(၃)ဦးနှင့် ကျောင်းသူ (၃)ဦး၊ Grade - 10 ကျောင်းသား(၄)ဦးနှင့် ကျောင်းသူ (၄)ဦး၊ Grade - 11မှ ကျောင်းသား(၃)ဦးနှင့် ကျောင်းသူ (၄)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၁)ဦး တို့မှ နိုဝင်ဘာ ၂၈ ရက်နေ့၌ မြန်မာစာနှင့် အင်္ဂလိပ်စာ ဘာသာရပ်များဖြေဆိုခြင်း၊ နိုဝင်ဘာ ၂၉ ရက်နေ့၌ အထွေထွေ ဗဟုသုတနှင့် လူတွေ့နှုတ်ဖြေ စစ်ဆေးခြင်း၊ နိုဝင်ဘာ ၃၀ ရက်နေ့၌ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးက သိရသည်။
အဆိုပါ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပွဲပြုလုပ်ရခြင်းမှာ နိုင်ငံတော်အတွက် အရည်အချင်း မြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ထွန်းလာစေရေးအတွက် ဘက်စုံပညာ ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများကို လေ့ကျင့်ပြုစု ပျိုးထောင်ပေးရေးသည် ပညာရေး ဝန်ကြီးဌာန၏ အဓိကလုပ်ငန်း အစီအစဥ်တစ်ခုဖြစ်ကြောင်း ဒုတိယမြို့နယ် ပညာရေးမှူး ပြောကြားချက်အရ သိရသည်။
မြို့နယ်ပြန်/ဆက်