တောင်တွင်းကြီးမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ဝါးခြင်းတောင်းရက်လုပ်ခြင်းလုပ်ငန်းဖြင့် မိသားစု စီးပွားရေး အဆင်ပြေလျက်ရှိ

တောင်တွင်းကြီး နိုဝင်ဘာ ၂၈ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် မိရိုးဖလာနှီးဝါးလုပ်ငန်း လုပ်ကိုင်ကြသူ များသည် ဝါးထရံ၊ ဝါးဖျာ၊ ဝါးခမောက်၊ ဝါးကုလားထိုင်၊ ဝါးခြင်းတောင်း အမျိုးမျိုးတို့ကို တစ်နိုင်တစ်ပိုင် ရက်လုပ်ရောင်းချခြင်းဖြင့် မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။ ဝါးခြင်းတောင်းရက်လုပ်ရာတွင် အဓိကကုန်ကြမ်းဖြစ်သည့် ဝါးများကို တောင်းတွင်းကြီးမြို့ပေါ်ရှိ ဝါးအရောင်းဆိုင်များမှ အလွယ်တကူဝယ်ယူရရှိပြီး ဝါးတစ်လုံးကို ၁၀၀၀ ကျပ်ဝန်းကျင် ပေးဝယ်ယူရကြောင်း သိရသည်။ တောင်းရက်လုပ်ပြီးစီးမှုအနေဖြင့် တစ်နေ့ကို တောင်းအသေးဆိုလျှင် (၄)လုံး၊ အလတ်ဆိုလျှင် (၃)လုံး၊ အကြီးဆိုလျှင်(၂)လုံး ရက်လုပ်ပြီးစီးကြောင်းနှင့် ပုတ်တစ်လုံးရရှိရန်အတွက် တစ်နေကုန် ရက်လုပ်ရကြောင်း၊ ဝါးတစ်လုံးကို လိုအပ်သလို ခွဲခြမ်းစိတ်ဖြာ၍ တောင်းရက်လုပ်ရာတွင် တောင်းအသေးဆိုလျှင် (၃)လုံး၊ အလတ်ဆိုလျှင်(၂)လုံး၊ အကြီးဆိုလျှင် (၁)လုံး ရရှိပြီး ပုတ်တစ်လုံးရရှိရန်အတွက် ဝါး(၃)လုံးခန့် အသုံးပြုရကြောင်း၊ ဈေးနှုန်းအနေဖြင့် တောင်းအသေးတစ်လုံးလျှင် (၃၅၀၀)ကျပ်၊ တောင်းအလတ်တစ်လုံးလျှင် (၅၀၀၀)ကျပ်၊ တောင်းအကြီး တစ်လုံးလျှင် (၇၀၀၀)ကျပ်၊ ပုတ်အသေးတစ်လုံးလျှင် (၁၃၀၀၀)ကျပ်၊ ပုတ်အလတ် တစ်လုံးလျှင်(၁၄၀၀၀)ကျပ်၊ ပုတ်အကြီးတစ်လုံးလျှင် (၁၅၀၀၀)ကျပ်ဖြင့် ရက်လုပ် ပေးကြောင်း နှီးဝါးလုပ်ငန်းလုပ်ကိုင်သူ ဦးနိုင်ဦးထံမှ သိရသည်။ အဓိကအသုံးပြုသည့် ပဲကြော်၊ ပဲလှော်လုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များ၊ ဝါကြိတ်ဖက် လုပ်ငန်း လုပ်ကိုင်ကြသူများသည် လုပ်ငန်းများ ပုံမှန်အတိုင်းလည်ပတ်နေပြီး ယခုကာလအတွင်း စပါးပေါ်ချိန်ဖြစ်သည့်အတွက် အော်ဒါမှာယူမှုများ ဆက်တိုက်ရှိနေပြီး လက်မလည်အောင် ရက်လုပ်နေရကြောင်း သိရသည်။ အေးမိုးမိုးမြင့်