မြို့သစ် နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့မှ စိုက်ပျိုးတောင်သူအချို့သည် လယ်ယာစိုက်ပျိုးခြင်း လုပ်ငန်းအပြင် ဝါးထရံရက်လုပ်ရောင်းချခြင်းလုပ်ငန်းကို တွဲဖတ်လုပ်ကိုင်လျက်ရှိရာ ကုန်ကြမ်းစျေး မြင့်တက်သော်လည်း သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေးလျက် ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ ရပ်ကွက်မှာ ဝါးထရံရက်လုပ်ပြီး ရောင်းချတဲ့သူတွေ များပါတယ်။ ရက်လုပ်ပြီးသားတွေကို မြို့သစ်၊ တောင်တွင်းကြီး၊ နတ်မောက်မြို့တွေကို အများဆုံး တင်ပို့ ရောင်းချရပါတယ်။ ကုန်ကြမ်းအနေနဲ့ ကြက်သောင်းဝါး ကတော့ တစ်လုံးကို ၁၀၀၀/၁၅၀၀ ကျပ်ခန့် ပေးရတယ်။ ရက်လုပ်ပြီး ဝါးထရံတစ်ပေပတ်လည်ကို (၃၀၀) ကျပ်၊ (၄၀၀) ကျပ်နဲ့ လိုအပ်တဲ့ ပေအရေအတွက်အတိုင်း ပြုလုပ်ရောင်းချရတယ်။ ကုန်ကြမ်းစျေးနဲ့ လုပ်အားခတွေက မြင့်တက်နေတဲ့အတွက် ဝါးထရံရောင်းစျေးတွေလည်း အတက်အကျတော့ရှိပါတယ်” ဟု ဝါးထရံ ရက်လုပ်ရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရသည်။
မြို့သစ်မြို့ ဝါးထရံပြုလုပ်ရောင်းချသူများအနေဖြင့် ဝါးထရံနှင့်အတူ အခြားဝါးဖြင့် ပြုလုပ်သည့် တောင်း၊ ဇကော၊ ဗန်း၊ ပုတ်တို့လည်း ပြုလုပ်ကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)