သာယာဝတီမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေး

သာယာဝတီ နိုဝင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ သာယာဝတီမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကျေးရွာ (၁၀) ရွာ စိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ဘိုကြီးကုန်းကျေးရွာနှင့် ကျွဲခြံအင်း ကျေးရွာများ၌ ကျင်းပခဲ့သည်။

အဆိုပါ  ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဆည်မြောင်း ဦးစီးဌာနတို့မှ တာဝန်ရှိသူများလိုက်ပါ၍ သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ အပါအဝင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် လုပ်ငန်းတာဝန်ထမ်းဆောင်ရာတွင်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရန်၊  ကျေးရွာနေပြည်သူများ၏ အခွင့်အရေးများ ဆုံးရှုံးနစ်နာမှု မရှိစေရေးအတွက် အလေးထားဆောင်ရွက်သွားရန်၊ ကျေးရွာနေပြည်သူများအနေဖြင့် ကောလဟာလ သတင်းအမှားများကို မယုံကြည်ကြဘဲ သတင်းအမှန်များကို လေ့လာဖတ်ရှု ကြရန်၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုအကျိုးပြု လုပ်ငန်းများတွင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ပေးကြရန် ချပြရှင်းလင်းခြင်း၊ စာသင်ကျောင်းများ၌ ဆရာ/ ဆရာမများ၊ စာသင်ဆောင်လိုအပ်ချက်များ ညှိနှိုင်းဖြေရှင်းပေးခြင်း၊ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းနှင့် ပတ်သက်၍ရှင်းလင်းခြင်း၊  လယ်ယာမြေစီမံခန့်ခွဲရေး ပုံစံ(၇)နှင့် ပတ်သက်၍ ရှင်းလင်းခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများ၏ တင်ပြလာမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)