ပွင့်ဖြူ နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ကျောင်းသား၊ကျောင်းသူဟောင်းများ စုပေါင်းပြီး အသက်(၆၀) နှစ်ပြည့်ပြီး ဆရာကြီး၊ ဆရာမကြီးများအား ဂုဏ်ပြုပူဇော်ကန်တော့သည့် အာစရိယပူဇော်ပွဲအခမ်းအနားကို ယမန်နေ့၊ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်ရှိ စိန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။
အခမ်းအနားတွင် ဦးစွာ အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ချိုနှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများက ဩကာသ ကန်တော့ကျိုးဖြင့် အပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကို ရှိခိုးပူဇော်ကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဦးစိန်လွင်(မြို့နယ်ပညာရေးမှူးငြိမ်း)က ဆုံးမဩဝါဒ စကားပြောကြားခဲ့သည်။
ထို့နောက် အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ချိုနှင့် ကျောင်းသားကျောင်းသူဟောင်းများက အပူဇော်ခံ ဆရာကြီး၊ ဆရာမကြီးများ ၈၃ ဦးကို တစ်ဦးလျှင် ကန်တော့ငွေ ၁၂၀၀၀၀ ကျပ် နှင့် ဂါရဝပြုလက်ဆောင်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး ဧည့်ခံဖျော်ဖြေရေးအဖွဲ့က အာစရိယပူဇော်ပွဲအထိမ်းအမှတ် ဂုဏ်ပြုတေးသီချင်းများ သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရ သည်။
ပွင့်ဖြူမြို့၌ ကျောင်းသားကျောင်းသူဟောင်းများ စုပေါင်း၍ ပွင့်ဖြူမြို့၊ အခြေခံပညာ အထက်တန်း ကျောင်း၌ ပညာသင်ကြားခဲ့သော အသက်(၆၀)ပြည့်ပြီး ဆရာကြီး၊ ဆရာမကြီးများကို လေးစားဂုဏ်ပြုသောအားဖြင့် နှစ်စဉ်နှစ်တိုင်း အာစရိယပူဇော်ပွဲကို အစဉ်အလာမပျက် ကျင်းပပြုလုပ်၍ ကန်တော့ငွေနှင့် ဂါရဝပြု လက်ဆောင်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြလေ့ရှိကြောင်း အဆိုပါ အာစရိယ ပူဇော် ပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့ထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)