နတ်မောက်မြို့နယ်တွင် ဆောင်းနှမ်းသီးနှံများစတင်ရိတ်သိမ်း

နတ်မောက်  နိုဝင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ဆောင်းရာသီတွင် စိုက်ပျိုးထားသည့် ဆီထွက်သီးနှံနှမ်းသီးနှံများ  စတင်ရိတ်သိမ်းလျက်ရှိကြောင်းသိရသည်။

“ကျွန်တော်တို့ ဆောင်းရာသီသီးနှံအဖြစ် စိုက်ပျိုးထားတဲ့ နှမ်းများကို တောင်သူအတော်များများ စိုက်ပျိုးလာကြပါတယ်၊ မိုးဦးနှမ်းက ကျဲပြီးလိုရှိရင် ပေါင်းမြက်ရှင်းလင်းခြင်းအတွက် လုပ်အားခကုန် ကျမှုများပါတယ်၊ မိုးဦးနှမ်းကို ဂျောင်းစနစ်နဲ့ကျဲတဲ့ လူရှိသလို ပက်ကျဲစနစ်လည်းစိုက်ပျိုးကြပါတယ်၊ ဆောင်းနှမ်းကို ကျဲတဲ့အခါမှာတော့ ပက်ကျဲစနစ်နဲ့ စိုက်ပျိုးထားပါတယ်။ ပေါင်းမြက်ရှင်းလင်းခြင်း အတွက် လုပ် အားခသက်သာမှုလည်းရှိတာပေါ့ဗျာ၊ ဒါကြောင့် ဒီနှစ် မိုးဦးမှာ နှမ်းစျေးလေးကောင်းတော့ မိုးနှောင်းမှာနှမ်းကို အလေးထားစိုက်ပျိုးလာကြပါတယ်။ ခုဆိုရင် စက်တင်ဘာ ဒုတိယပတ်မှာ စိုက်ပျိုးထားတဲ့ ဆီထွက်သီးနှံဆောင်းနှမ်းများ စတင်ရိတ်သိမ်းနေပါပြီ”ဟု န/လက်ခုပ်ပင်ကျေးရွာ တောင်သူ ဦးညိုမင်းက ပြောသည်။

၂၀၂၂-၂၀၂၃ခုနှစ် နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံနှမ်းစိုက်ပျိုးဧက( ၁၇၇၉၂၆) ဧကရှိကြောင်း မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ သိရသည်။

 မူမူစန်း