ကလေး စက်တင်ဘာ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ် ကိုဗစ်-၁၉ ရောဂါ အရေးပေါ်တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကလေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပရပ်ကွက်များ အတွင်းသို့ သွားလာလျက်ရှိသည့် ပြည်သူများအား ပူးပေါင်းအဖွဲ့များက စစ်ဆေးအရေးယူခြင်းကို ယနေ့နံနက် ၁၀ နာရီမှ စတင်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ကြရာတွင် ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေး အဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန သဘာဝ ဘေးဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း (Mask) များမဖြစ်မနေတပ်ဆင်ရန်နှင့် စနစ် တကျမှန်ကန်စွာ တပ်ဆင်နိုင်ရန်အတွက် ကလေးမြို့ပေါ်ရှိ ရပ်ကွက် (၂၀)တို့တွင် ပူးပေါင်း စစ်ဆေးကာ အသိပညာပေးကာလအဖြစ် ဆောင်ရွက်ခဲ့ပြီး ဖြစ်၍ ယနေ့ စတင်စစ်ဆေးအရေး ယူဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးအရေးယူဆောင်ရွက်မှုနှင့်ပတ်သက်၍ နှာခေါင်းစည်း (Mask) များတပ်ဆင်ခြင်း မရှိဘဲ သွားလာသူ ပြည်သူ ၂၄ ဦးတို့အား တွေ့ရှိရသဖြင့် ၄င်းတို့အား ပူးပေါင်းအဖွဲ့မှ ကလေးမြို့နယ် တရားရုံး သို့ခေါ်ဆောင်ကာ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၁၅ အရ တရားစွဲဆို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကာ နောက်ရက်များတွင်လည်း ဆက်လက် စစ်ဆေး အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
မာန်လမ့်တွောင်(ပြန်/ဆက်)