ဖောင်းပြင် နိုဝင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်မှ တောင်သူများအနေဖြင့် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးရေးလုပ်ငန်းအတွက် အသုံးပြုသည့် စက်သုံးဆီနှင့် အခြားသွင်းအားစုပစ္စည်းများ ဈေးနှုန်းမြှင့်တက်မှုကြောင့် သီးနှံများရိတ်သိမ်းကာ ရောင်းချရချိန်တွင် ဈေးကောင်းရရှိရန် မျှော်လင့်နေကြသည်။
“ကျွန်တော်တို့ဒေသမှာ မိသားစုစားဝတ်နေရေးနဲ့ ပညာရေး၊ ကျန်းမာရေးအတွက် တောင်သူလုပ်ငန်းကိုပဲ အဓိက အားထားလုပ်ကိုင်ကြပါတယ်။ တောင်သူလုပ်ငန်းဆိုတာ သီးနှံတစ်သီးစိုက်ပြီးရင် ရိတ်သိမ်းပြီး ရောင်းချရဖို့ ၄လဝန်းကျင်အထိ အချိန်ရော ငွေရော လူအင်အားရော စိုက်ထုတ်ရတာဖြစ်ပါတယ်။ သီးနှံတွေအောင်မြင်ဖို့ ထွန်ယက်ရေးနဲ့ အခြားသွင်းအားစုတွေကို လိုသလိုထည့်သွင်းနိုင်မှ အဆင်ပြေတာဖြစ်လို့ ထွန်ယက်ချိန်ကစလို့ ရိတ်သိမ်းချိန်အထိ ငွေကြေးစိုက်ထုတ်ရတာဖြစ်ပါတယ်။ ယခုနှစ်မှာဆိုရင် ဒီဇယ်တစ်ဂါလန်ကို တစ်သောင်းငါးထောင်၊ တစ်သောင်းခြောက်ထောင် ဈေးနှုန်းအထိ ဝယ်ယူအသုံးပြုရပြီးတော့ ပေါင်းသတ်ဆေးမှာလည်း တစ်ဧကအသုံးပြုဖို့ ငါးသောင်းကျော် ကုန်ကျမှုရှိနေတာပါ။ သီးနှံတွေ အတွက် လိုအပ်ရင် အသုံးပြုရတဲ့ ပိုးသတ်ဆေးနဲ့ အပင်အသီးအားဆေးတွေကလည်း ပြီးခဲ့တဲ့နှစ်တွေထက် နှစ်ဆလောက် ဈေးတက်နေတော့ စိုက်ပျိုးစရိတ်က နှစ်ဆ ကုန်ကျမှုရှိနေပါတယ်။ ပုံမှန်ဆိုရင်တော့ တစ်ဧကစိုက်ပျိုးစရိတ်က ထွန်ယက်ခအပါအဝင် ရိတ်သိမ်းချိန်အထိ တစ်သိန်းငါးသောင်းဝန်းကျင်သာ ရှိတာပါ ဒီနှစ်မှာဆိုရင်တော့ နှစ်သိန်းရှစ်သောင်းဝန်းကျင်ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။”ဟု ပိုးစာကုန်းကျေးရွာမှ တောင်သူ ဦးသန်းဖေက ပြောပြသည်။
“လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် စိုက်ပျိုးရာသီတုန်းကတော့ စိုက်ပျိုးစရိတ်ကလည်း မများခဲ့ဘူး သီးနှံ ပေါ်ချိန်မှာလည်း ဈေးကောင်းရောင်းရလို့ တောင်သူတွေ အဆင်ပြေခဲ့ကြတာပါ။ မြေထောက်ပဲဆိုရင် လေးသောင်းနှစ်ထောင်အထိ ရောင်းချခဲ့ရတာဖြစ်တယ် ပြီးတော့ ကျန်တဲ့ပဲအမျိုးမျိုးနဲ့ မြေပဲဆီ၊ နေကြာဆီတွေလည်း ဈေးကောင်းကောင်းရလို့ တော်တော်အဆင်ပြေကြပါတယ်။ ဒီနှစ်မှာတော့ ကုန်ကျမှုပိုများတော့ သီးနှံတွေဈေး ကောင်းရရင် အဆင်ပြေမှာပါ ” ဟု ၎င်းက ဆက်လက်ပြောသည်။
တောင်သူများသည် သီးနှံများစိုက်ပျိုးရန်အတွက် ယခင်က ကျွဲနွားနှင့် ထွန်စက်ငယ်များကိုအသုံးပြုကြရာမှ သီးနှံများအောင်မြင်ဖြစ်ထွန်းရန်အတွက် ထွန်ရေး၊ ထယ်ရေးညက်ညက်ရရှိရန် ထွန်စက်ကြီးများကို အသုံးပြုလာကြပြီး တောင်သူလုပ်ငန်းတွင် စက်သုံးဆီအဖြစ် ဒီဇယ်ကို အဓိကထားသုံးစွဲလာကြကြောင်း၊ တောင်သူအများစုမှာလည်း ထွန်စက်ကြီးများကို ဝယ်ယူအသုံးပြုသူများပြားလာကြပြီး အငှားထွန်ယက်ခြင်းလုပ်ငန်းကို လုပ်ကိုင်လာကြကြောင်း၊ ဒီဇယ်ဈေးနှုန်းမြှင့်တက်ခြင်းကြောင့် အငှားထွန်ယက်ရာတွင်လည်း ဈေးနှုန်းမြှင့်တက်မှုများရှိကြောင်း သိရသည်။
ဖောင်းပြင်မြို့နယ်မှ တောင်သူအများစုသည် ဆောင်းသီးနှံအဖြစ် မြေပဲ၊ မြေထောက်ပဲ၊ ပုဂံပဲ၊ ပဲယင်း၊ ပဲစာဥတို့ကို အများအပြားစိုက်ပျိုးကြပြီး၊ နှမ်း၊ ပဲကဆာလီ၊ ပဲဇီးကွက်တို့ကို အနည်းငယ်စိုက်ပျိုးကြကြောင်း သီးထပ်စိုက်ပျိုးချိန်တွင် မိသားစု ဆီစားသုံးမှုဖူလုံရန်အတွက် နေကြာကို အများအပြား စိုက်ပျိုးကြကြောင်း သိရသည်။
ကိုထွန်း(ဖောင်းပြင်)