ရေတွင်းချိုင့်​ကျေးရွာ၌ အလှူရှင်များနှင့်​ ကျေးရွာသူ/သားများစုပေါင်း၍ ကိုယ်အားကိုယ်ကိုး ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်

ချောက်    နိုဝင်ဘာ    ၂၇

မ​ကွေးတိုင်း​ဒေသကြီး​၊ချောက်ခရိုင်၊​ချောက်မြို့နယ် ​သွေးနက်​ကျေးရွာအုပ်စု၊​ရေတွင်းချိုင့်​ကျေးရွာတွင် အလှူရှင်များနှင့်​ကျေးရွာသူ/သားများ စု​ပေါင်း၍ ရွာဦးဘုန်း​တော်ကြီး​ကျောင်းအဆင်းမှ ရွာထိပ်အဝင်လမ်းအထိ ကွန်ကရစ်လမ်းခင်းခြင်း​လုပ်ငန်းကို ကိုယ်အားကိုယ်ကိုး​ဖြင့် ဆောင်ရွက်​လျက်ရှိကြောင်းသိရသည်။

အဆို​ကျေးရွာသည် မိုးတွင်းကာလ​ရောက်သည်နှင့် ​ချောင်း​ချောက်များဖြစ်​ပေါ်ခြင်း၊ရွံနွံများဖြင့် သွားလာ​ရေးခက်ခဲလျက်ရှိရာ သွားလာ​ရေးအဆင်​ပြေ​စေရန်အတွက် ရေတွင်းချိုင့်ဘုန်းကြီး​ကျောင်း ဆရာ​တော်ဦး​ဇောတိက ဦးဆောင်၍  ဘိလပ်​မြေအိတ်မတည် အလှူရှင်များ၊ သဲ၊ ကျောက်အလှူရှင်များနှင့် ကျေးရွာသူ/သားများ၏ လုပ်အားဖြင့် ကိုယ်အားကိုယ်ကိုးစု​ပေါင်း၍ ကွန်ကရစ်လမ်းခင်းခြင်း​လုပ်ငန်းကို နိုဝင် ဘာ ၉ ရက်​နေ့က​ စတင်ကာ အလှူ ရှင်များ၏ လှူဒါန်းမှု အပေါ်မူတည်၍ ​ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ ရွာအဝင်လမ်းမှာ အရှည်၃၆၀​ပေရှိ​ပြီး လမ်းအား အကျယ်၁၀​ပေ၊ ထု၆လက်မရှိသည့် ကွန်ကရစ်လမ်းခင်း​ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ လမ်း အရှည်၁၂၀​ပေအားကွန်ကရစ်လမ်းခင်း​ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး​​ပြီကြောင်း သိရသည်။ ကျန်ရှိ​နေ​သောလမ်းအရှည်အတွက် ဘိလပ်​မြေအိတ်များ လိုအပ်လျက်ရှိသည့်အတွက် အလှူရှင်များ လှူဒါန်းမှု​​အ​ပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်သွားမည်​ဖြစ်ကြောင်း ကျေးရွာမှ  ဦးဆောင်ဆောင်ရွက်နေသူ ဒေါ်လှမိုး ၏ ပြောကြားချက်အရ သိရသည်။

 မြို့နယ်(ပြန်/ဆက်)