ကဝ နိုဝင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ယမန်နေ့နံနက်တွင် အောင်ကံလှိုင်ကျေးရွာသို့ သွားရောက်၍ ပဲတီစိမ်းစိုက်တောင်သူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ရှေးဦးစွာ မြို့နယ် စိုက်ပျိုးရေး ညှိနှိုင်းမှုကြီးကြပ်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက ပဲတီစိမ်းစိုက်တောင်သူများအတွက် တစ်ဧကလျှင် ငွေကျပ် (၁၂၀၀၀၀)နှုန်းဖြင့် လိုအပ်သော သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးများ ထောက်ပံ့ဆောင်ရွက်ပေးခြင်း၊ သွင်းအားစုတန်ဖိုးနှင့် ညီမျှသော ပဲတီစိမ်းများအား တောင်သူများက ပြန်လည်ရောင်းချပေးခြင်း အပါအဝင် ပံ့ပိုးဆောင်ရွက်ပေးမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေး ညှိနှိုင်းမှု ကြီးကြပ်ရေးဌာနဆိုင်ရာများမှ တက်ရောက်လာသော တောင်သူများအား ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး ဆွေးနွေးခဲ့ကြပြီး ကဝမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပဲတီစိမ်းစိုက်ဧက(၇၀၀၀၀)ခန့် စီမံကိန်းလုပ်ငန်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)