မြင်းမူမြို့နယ်တွင် မြန်မာ့ရိုးရာမြေထည်ပစ္စည်းများ ပြုလုပ်ကာ အနယ်နယ်အရပ်သို့ တင်ပို့ရောင်းချ

မြင်းမူ နိုဝင်ဘာလ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊  စစ်ကိုင်းခရိုင်၊  မြင်းမူမြို့နယ်၊ မြစ်ပေါက်ကျေးရွာမှ ဒေသခံများသည် မြေထည်ပစ္စည်းအမျိုးမျိုးကိုပြုလုပ်ကာ အနယ်နယ်အရပ်သို့ တင်ပို့ရောင်းချလျက်ရှိသော ကျေးရွာတစ်ရွာဖြစ်သည့်အတွက် မိသားစုအတွက် ဝင်ငွေပုံမှန်ရရှိလျက်ရှိကြောင်း သိရှိရသည်။

ကျေးရွာအနေဖြင့် လွန်ခဲ့သည့်နှစ်ပေါင်း(၁၀၀)နီးပါး ဘိုးဘွားစဉ်ဆက်ကပင် ရွံ့စေးမြေကိုအသုံးပြုလျက် ထမင်းဟင်းချက်သည့် မြေအိုးများ၊ စလောင်းဖုံးအမျိုးမျိုး၊ ဆီမီးခွက်၊   ကလေးငယ်များဆော့ကစားသည့် အိုးပုတ်၊ ချိုးရုပ်၊ ဆင်ရုပ် စသဖြင့်ပြုလုပ်ကာ အနယ်နယ်အရပ်ရပ်တွင် ကျင်းပပြုလုပ်သည့် ဘုရားပွဲ၊ နတ်ပွဲများသို့ လှည့်လှယ်ကာ ရောင်းချကြကြောင်း၊ ယခုအခါအတတ်ပညာများ ဖွံ့ဖြိုးလာသည့်နှင့်အညီ တီထွင်ဆန်းသစ်သော လက်ရာများ ပါရှိသည့် ဘုရားပန်းအိုးအမျိုးမျိုး

ရွှေရောင်/ ငွေရောင် ဆေးရောင်ခြယ်အိုးများ၊  ပစ်တိုင်းထောင်အရုပ်ပုံ စုဗူးများအပါအဝင် ဟိုတယ်၊ မိုတည်များမှ ရံဖန်ရံခါမှာယူသည့် အလှအိုးများကိုပင် ပြုလုပ်လာနိုင်ပြီဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း ဆန်းသစ်သော မြေထည်ပစ္စည်းများ တီထွင်ပြုလုပ်လာနိုင်ကြမည်မျှော်လင့်ကြောင်း မြေထည်ပစ္စည်းပြုလုပ်ရောင်းချနေသူ ဦးသီဟထံမှ သိရှိရသည်။

ကျေးရွာထွက်ပစ္စည်းများကို ရန်ကုန်၊ မန္တလေး၊ ရွှေဘိုနှင့်အခြားဝယ်လိုအားရှိသည့် မြို့ကြီးများသို့ တင်ပို့လျက်ရှိပြီး ပွဲတော်ရက်များကျင်းပသည့်  မြို့ရွာများသို့ သွားရောက်ကာ  ရောင်းချကြကြောင်းသိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)