မင်းဘူး နိုဝင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ကြီးကြပ်မှုအဖွဲ့မှ ကြီးမှူးကျင်းပသော တိုင်းရင်းဆေး အသိပညာပေးဟောပြောပွဲနှင့် ဆေးကုသပေးခြင်းများကို ယမန်နေ့နံနက် ၈ နာရီအချိန်က စကုမြို့ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တောင်ရပ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဇနီး တိုင်းဒေသကြီးမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းကြီးကြပ်မှုအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်က တိုင်းရင်းဆေးအသိပညာပေး ဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး မကွေးတိုင်းရင်းဆေးရုံအုပ် ဦးကျော်စိန်မှ တိုင်းရင်းဆေးကုသဆောင်ရွက်ပေးနေမှုနှင့် ကုသပေးသွားမည့်ရောဂါ အခြေအနေများကို ရှင်းလင်းပြော ကြားသည်။
ထို့နောက် တိုင်းရင်းဆေးပညာဦးစီးဌာန၊ မကွေးတိုင်းရင်းဆေးရုံ၊ ကွင်းဆင်းကုသရေအဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက တိုင်းရင်းဆေးကုထုံးများနှင့် လာရောက်ဆေးကုသမှုခံယူကြသော လူနာများအား အခမဲ့ဆေး ကုသပေး ခြင်းများဆောင်ရွက်ခဲ့ပြီး အဆိုပါ ဆောင်ရွက်နေမှုများအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှု အားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စကုမြို့ မိခင်နှင့်ကလေး မူလတန်းကြိုကျောင်းရှိ ကလေးငယ်များအား သွားရောက်တွေ့ဆုံနှုတ်ဆက်ပြီး ကလေးငယ်များအတွက် မကွေးတိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ကြီးကြပ်မှုအဖွဲ့မှ လှူဒါန်းသော မုန့်၊ အချိုရည်များကို လက်ဆောင်ပေးအပ်ခဲ့ပြီးနောက် ကလေးငယ်များအား နေ့လည်စာအဖြစ် ထမင်းနှင့် ဟင်းလျာများဖြင့် ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)