လေးမျက်နှာမြို့နယ် ကြီးပေါက်ကုန်းကျေးရွာအုပ်စု၊ ငြိမ်းအေးကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့်ကျေးရွာ ကော်မတီရွေးချယ်ဖွဲ့စည်း

လေးမျက်နှာ နိုဝင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကြီးအောက်ကုန်းကျေးရွာအုပ်စု   ငြိမ်းအေးကျေးရွာတွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အကောင် အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ရွေးချယ်ဖွဲ့စည်းခြင်းကို ယနေ့ နံနက်ပိုင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးကျော်သူမှ မြစိမ်းရောင်စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း၊ စီမံကိန်းရည်ရွယ်ချက်များ၊ စီမံကိန်း၏ အကျိူးကျေးဇူးများ၊ ကျေးလက်နေ ပြည်သူများ၏ ရပိုင်ခွင့်နှင့် တာဝန်များ၊ ကျေးလက်ဥပဒေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်စီမံကိန်းထပ်တိုး ဆောင်ရွက်ခွင့်ရသော  ငြိမ်းအေးကျေးရွာ၌ ဆောင်ရွက်မည့် စီမံကိန်းအကြောင်းနှင့် ရန်ပုံငွေကြီးကြပ်မှု ကော်မတီရွေးချယ်ရမည့် အချက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသော ရပ်မိရပ်ဖများ၊ ကျေးရွာသူကျေးရွာသားများမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကြီးကြပ်မှုကော်မတီဝင်များကို ဆန္ဒမဲ စနစ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ရွေးချယ်ပေးကြသည်။ ကျေးရွာနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိကာ မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိူးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန်လိုအပ်သည့် ငွေအရင်းအနှီးများ ရရှိစေရန်ရည်ရွယ်၍ အဆိုပါစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

လေးမျက်နှာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုဘဏ္ဍာနှစ်တွင် စီမံကိန်းကျေးရွာ(၁၄)ရွာထိ ရှိလာပြီဖြစ်ပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

ကျော်ဟိန်း(ပြန်/ဆက်)