စေတုတ္တရာ စက်တင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ် အတွင်း၌ ကျေးလက်ဒေသများရှိ ဒေသခံပြည်သူများ ရာသီမရွေး သွားလာမှုအဆင်ပြေစေရန်နှင့် လယ်ယာထွက်ကုန်များ တင်ပို့ရောင်းချရာတွင် အဆင်ပြေလွယ်ကူစေရန် အတွက် ကျေးလက်လမ်းများကို အရှိန်အဟုန်မြှင့် တိုးချဲ့ဆောင်ရွက်လျက်ရှိရာ ဒွေးကုန်း-အကြည်-တောက်စုတ်-လက်ပံကျင်း ကျေးရွာချင်း ဆက်လမ်းအား လမ်းတာချဲ့၍ မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဒွေးကုန်း-အကြည်-တောက်စုတ်-လက်ပံကျင်း ကျေးရွာချင်းဆက်လမ်း လမ်းအရှည် (၆)မိုင်၂ဖာလုံ၊ အကျယ်(၁၆)ပေအား လမ်းတာချဲ့၍ မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်(၁၀၄.၁၉၄)သန်းဖြင့် ဆင်ကိုးကောင် ကုမ္မဏီ(Nine Elephant)မှ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့မှ စတင်၍ တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သောကြောင့် ဒွေးကုန်းကျေးရွာ၊ အကြည်ကျေးရွာ၊ တောက်စုတ် ကျေးရွာနှင့် လက်ပံကျင်းကျေးရွာ များမှ ဒေသခံပြည်သူများအတွက် ရာသီမရွေးသွားလာနိုင်ပြီး လယ်ယာ ထွက်ကုန်များ တင်ပို့ရောင်းချရာတွင် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဒေါ်နိုင်နိုင်ရွှေက ပြောကြားသည်။
စည်သူလွင်(ပြန်/ဆက်)