အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်

ဘားအံ နိုဝင်ဘာ ၂၆

ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့အား သန့်ရှင်းသာယာလှပသော အစိမ်းရောင်မြို့တော် (Green City, Clean City) ဖြစ်စေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မြို့တော်အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပ စေရေးကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဘားအံပညာရေး ဒီဂရီကောလိပ်၌  ပြည်နယ်အမျိုးသမီးကော်မတီမှ ဦးဆောင်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအနေဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန အောက်ရှိ ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးကော်မတီဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းဘေဘီမြင့်နှင့် နာယကအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဘားအံပညာရေး ဒီဂရီကောလိပ်ရှိ ဆရာ၊ ဆရာမ များနှင့် ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင် ရှင်းလင်းခြင်း၊ စွန့်ပစ်ပလပ်စတစ်နှင့် အမှိုက်သရိုက်များ သိမ်းဆည်းခြင်း အစရှိသည့် သန့်ရှင်းရေးလုပ်ငန်းများကို ယာဉ်၊ ယန္တရားများ အသုံးပြု၍ စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအနေဖြင့် စုပေါင်း သန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်ခြင်းအပြင်၊ ကျားမအခြေပြုအကြမ်းဖက်မှု ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ၊ လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ သွေးလှူဒါန်းပွဲများနှင့် အမျိုးသမီးများ ဟင်းချက်ပြုတ်သရုပ်ပြပွဲများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးမှ သိရသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံပညာရေးဒီဂရီကောလိပ်ရှိ ကျောင်းဆောင်၊ စာသင်ဆောင်၊ ဆရာ၊ ဆရာမအိပ်ဆောင် (ဝန်ထမ်းအိမ်ရာ)၊ သင်တန်းသား၊ သင်တန်းသူအိပ်ဆောင်၊ သန့်စင်ခန်း၊ ပရိဘောဂများ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှု ရှိ/မရှိနှင့် တည်ဆောက်ရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြား၍ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်နှင့် အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါ၍ ဘားအံမြို့၊ ဇွဲကပင်တောင်နှင့် ကြာအင်း တောင်ကြားကို ဖြတ်၍ ဖောက်လုပ်ထားသော ဘားအံမြို့ရှောင်လမ်း ၆ ဒသမ ၄ ကီလိုမီတာအား ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၂၄ ပေအကျယ်ကတ္တရာလမ်း သစ်ခင်းနိုင်ရေး အခြေခံလွှာ ကျောက်ထုခင်းကြိတ်ခြင်းလုပ်ငန်း ၅ ဒသမ ၁ ကီလိုမီတာ၊ ၂၄ ပေအကျယ် ကွန်ကရစ် လမ်းသစ်ခင်းခြင်း ၁ ဒသမ ၃ ကီလိုမီတာ၊ Box culvert တံတားငယ်များ တည်ဆောက်ခြင်း၊ မြေထိန်းနံရံ၊ ကျောက်စီ ရေမြောင်းများ ဆောင်ရွက်ခြင်း၊  ရင်ကွဲတောင်ကြားလမ်းအပိုင်းအား V Shape ပုံသဏ္ဍန်ရရှိရေး ကျောက်တောင် မိုင်းခွဲခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းနှင့် ဘားအံမြို့ရှောင်လမ်း တစ်ခုလုံးအနေဖြင့် ၅၉ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးနေပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ အကုန်တွင် ရာနှုန်းပြည့် ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)