ယင်းမာပင် နိုဝင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယင်းမာပင်မြို့ သန့်ရှင်းသာယာလှပစေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲက ယင်းမာပင်မြို့(ဂ)ရပ်ကွက်ရှိ သီးပင်ဘုန်းကြီးကျောင်းဝင်းအတွင်း၌ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ သန့်ရှင်းရေးပြုလုပ်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းမော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းသန့်တို့က အနီးကပ်ကြီးကြပ်၍ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး မီးဘေးအန္တရာယ်ကင်းရှင်းစေရန်၊ ခြင်များ မပေါက်ပွားစေရန်နှင့် သန့်ရှင်းသာယာ လှပစေရန်ရည်ရွယ်၍ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များ ဖယ်ရှားရှင်းလင်းပေးခြင်း၊ ကျောင်းသုံး အုတ်ရေကန်များအတွင်းမှ အမှိုက်များ ဖယ်ရှားပေးပြီး အမှိုက်များအား စနစ်တကျ စွန့်ပစ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ဆေးရုံ၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများ၊ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို အပတ်စဉ် စနေနေ့တိုင်း အလှည့်ကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်