ကျွန်းစုမြို့တွင် ၂၀၁၉-၂၀၂၀/၂၀၂၁-၂၀၂၂ ပညာသင်နှစ်များအတွက် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ

ကျွန်းစု နိုဝင်ဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(ကျွန်းစု)၏  ၂၀၁၉-၂၀၂၀/၂၀၂၁-၂၀၂၂ ပညာသင်နှစ်များအတွက် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက မြို့ပေါ်အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းသား/သူများမှ “ဘက်စုံပညာကိုရည် တို့လှမ်းချီ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကာ တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး  ဗိုလ်မှူးချုပ်သိန်းထူးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အ.ထ.က ကျွန်းစုကျောင်း၊ ကျောင်းအုပ်ဆရာမကြီးဒေါ်ဌေးဌေးဝင်းက ပညာရည်ချွန်ဆုပေးပွဲ ဖြစ်မြောက်အောင် အဘက်ဘက်မှ ကူညီပေးခဲ့ကြသူများအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထိုနောက် အ.ထ.က(ကျွန်းစု)ကျောင်းတွင် ကျောင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တနင်္သာရီရေတပ်စခန်းဌာနချုပ်မှူး  ဗိုလ်မှူးချုပ်သိန်းထူးနှင့်ဇနီး ဒေါက်တာဒေါ်အေးစိုးတို့မှ အလှူငွေ(၅)သိန်းကျပ်အား ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးဝင်းမှ လက်ခံရယူခဲ့ပြီး ၂၀၁၉- ၂၀၂၀/၂၀၂၁-၂၀၂၂ ပညာသင်နှစ်များတွင် တက္ကသိုလ်ဝင်တန်းအား ဂုဏ်ထူးဖြင့်အောင်မြင်သော ကျောင်းသား/သူများ၊ ဂုဏ်ထူးရဘာသာရပ်သင်ဆရာ/မများ၊ ကျောင်းတွင်းစာမေးပွဲများ၌ ဆုရကျောင်းသား/သူများအား ဌာနချုပ်မှူးနှင့် တာဝန်ရှိသူအသီးသီးတို့မှ ဆုများချီးမြှင့်ပေးအပ်ခဲ့ကြပြီး ကျောင်းသား/သူလေးများမှ တေးသရုပ်ဖော်အကများဖြင့် တင်ဆက်ကပြဖျော်ဖြေခဲ့ကြကာ တက်ရောက်လာသူများက ဆုငွေများချီးမြှင့်၍ ကြည့်ရှုအားပေးခဲ့ကြပြီး အခမ်းအနားကို ကျောင်းသား/သူများမှ “ဇာတိမာန်” သီချင်းအား သီဆိုဖျော်ဖြေ၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)