ကန့်ဘလူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံစုံ ၁၈၆၉၁၅ ဧကစိုက်ပျိုးပြီးစီး

ကန့်ဘလူ နိုဝင်ဘာ ၂၆

ပြည်ပစားသုံးဆီတင်သွင်းမှုလျော့ချရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံပိုလျှံရေးတို့အတွက် ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံစုံ စုစုပေါင်း ၁၈၆၉၁၅ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကန့်ဘလူမြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း(ဆောင်း)၊ နှမ်း(နွေ)၊ နေကြာ၊ ပန်းနှမ်းနှင့် မုန်ညှင်း စသည့်သီးနှံစုံ ၂၀၉၃၈၆ ဧက လျာထားစိုက်ပျိုးခဲ့ရာ ယခုအခါ ဆီထွက်သီးနှံစုံ ၁၈၆၉၁၅ ဧက စိုက်ပျိုးပြီးဖြစ်သည်။

“ဒေသတွင်းစားသုံးဆီဖူလုံစေဖို့နဲ့ ပြည်ပတင်သွင်းမှုလျော့ချဖို့အတွက် ကျွန်တော်တို့ဌာနအနေနဲ့ ဆီထွက်သီးနှံအမျိုးအစားအလိုက်စိုက်ပျိုးနိုင်ရေး ဒေသခံတောင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ မနှစ်က ဆောင်းဆီထွက်သီးနှံစုံ ၂၀၀၉၀၄ ဧကစိုက်ပျိုးခဲ့ပြီး ယခုနှစ်မှာ ဧက ၉၀၀၀ လောက်ပိုမိုစိုက်ပျိုးဖို့လုပ်ဆောင်နေပါတယ်။ ဆီထွက်သီးနှံစိုက်ပျိုးမယ့်တောင်သူတွေ မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ပိုးမွှားကင်းစင်ရေး၊ အထွက်နှုန်းကောင်းမွန်ရေး၊ GAP နည်းစနစ်ဖြင့် စိုက်ပျိုးရေးတို့အတွက် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ၊ အသိပညာပေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးဦးမျိုးဇော်က ပြောကြားသည်။

ကန့်ဘလူမြို့နယ်တွင် ဆီထွက်သီးနှံစုံစိုက်ပျိုးပြီးစီးမှုအနေဖြင့် မြေပဲ ၈၂၂၅၇ ဧက၊ နှမ်း ၉၆၇၇၈ ဧက၊ နေကြာ ၁၉၂၇ ဧက၊ ပန်းနှမ်း ၅၄၂၁ ဧကနှင့်မုန်ညှင်း ၅၃၂ ဧက စုစုပေါင်း ၁၈၆၉၁၅ ဧကစိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း