ဘားအံ နိုဝင်ဘာ ၂၆
ကရင်ပြည်နယ်၊ ဘားအံမြို့၌ ခရိုင်အဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၃)နာရီခန့်က ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာပေါ်ရှိ လူသားများနှင့် သက်ရှိသတ္တဝါများ အားလုံး ကျန်းမာရှင်သန်နိုင်ဖို့အတွက် ကမ္ဘာမြေကြီးအပါအဝင် သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာကျန်းမာဖို့လိုကြောင်း၊ ရာသီဥတု ပြောင်းလဲမှုများနှင့် လူမှုအဖွဲ့အစည်းများ၏ နေထိုင်မှုဘဝပုံစံများသည် ဆက်စပ်နေသည့်အတွက် ကောင်းမွန်သော သဘာဝ ပတ်ဝန်းကျင်ရရှိရန်အတွက် ပြည်သူများအားလုံး ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ ခရိုင်အဆင့် ကော်မတီဝင်များ အနေဖြင့် မိမိတို့ဌာနအလိုက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာများကို ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးနှင့် လိုက်နာကျင့်သုံးနိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများကို ဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ဌာနအနေဖြင့် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင်အဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဝင်များက မိမိတို့ဌာနအလိုက် ဆောင်ရွက်နေသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းများဖြစ်သည့် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်/ကောလိပ်များတွင် အသိပညာပေးဟောပြောများ ဆောင်ရွက်နေမှု၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်နိုင်သည့် စိုက်ပျိုးရေးသုံးပစ္စည်းများ သုံးစွဲရာတွင် စနစ်တကျသုံးစွဲနိုင်ရေး တောင်သူများအား အသိပညာပေး ဆောင်ရွက်နေမှုများ၊ Smart Village ကျေးရွာများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့် တောမီးများရှို့ခြင်း၊ တောမီးများလောင်ကျွမ်းမှု မရှိစေရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများ၊ သဘာဝပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြေစေရေးအတွက် သစ်ပင်ပျိုးပင်များစိုက်ပျိုးမှု၊ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများ ဖောက်လုပ်ခြင်း၊ အမှိုက်များ စနစ်တကျစွန့်ပစ်နိုင်ရေးအတွက် အမှိုက်ပုံးများ ပိုမိုထားရှိနိုင်ရေး အခြေအနေများကို ဆွေးနွေးတင်ပြကြရာ ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)