မြိတ် နိုဝင်ဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ လေဆိပ်တွင် ခရီးသည်တင်လေယာဉ် အင်ဂျင်စက်ချို့ယွင်းမှုကြောင့် အရေးပေါ်ဆင်းသက် ရသည့် အခြေအနေဖြစ်ပွားလာပါက လေယာဉ်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့ နေ့လယ်ပိုင်းက မီးသတ်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေးယာဉ်များဖြင့် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ခဲ့ ကြသည်။
ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြိတ်လေဆိပ်သို့ ပျံသန်းရောက်ရှိလာသည့် လေယာဉ်အင်ဂျင်စက် ချို့ယွင်းမှုကြောင့် လေယာဉ်ရှေ့ဘီးချ၍မရသည့် ပြသနာကြုံတွေ့ပြီး အရေးပေါ်ဆင်းသက်ရမည့် အခြေအနေတွင် ကြုံတွေ့လာနိုင်သည့် အန္တရာယ်မှ ထိခိုက်ဆုံးရှုံးမှုနည်းပါးစေရန်၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်ပြီး ပြည်သူများ၏ အသက်အန္တရာယ်ကို ဆောလျင်စွာအချိန်နှင့် တစ်ပြေးညီ ကယ်ဆယ်နိုင်ရန်နှင့် အခြားလိုအပ်ချက်များကို ကူညီပေးနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇာတ်တိုက်လေ့ကျင့်မှု၌ မြိတ်လေဆိပ်သို့ လေယာဉ်အရေးပေါ် ဆင်းသက်ရမည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနသို့ အကြောင်းကြားသဖြင့် သတင်းရရှိလျှင်ရခြင်း မီးငြိမ်းသတ်ယာဉ်နှင့် ကယ်ဆယ်ရေးယာဉ်များ လေဆိပ်သို့ထွက်ခွာ၍ နေရာယူစောင့်ဆိုင်းခြင်းနှင့် ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ခြင်း၊ လေယာဉ်ဆင်းသက်လာသည်နှင့် လေယာဉ်အတွင်းမှ ခရီးသည်များအား မီးဒဏ်ခံဝတ်စုံနှင့် အသက်ရှူကိရိယာဝတ်ဆင်ထားသည့် မီးသတ်တပ်ဖွဲ့ဝင်(၂)ဦးနှင့် ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များမှ လေယာဉ်ဘယ်ဘက်အရေးပေါ် အပေါက်အားဖွင့်၍ ဝင်ရောက်ကယ်ဆယ်ပြီး မီးငြှိမ်းသတ်ရေးအဖွဲ့မှ Foam ဆေးရည်အသုံးပြု၍ လေယာဉ်အား မီးငြိမ်းသတ်ခြင်း၊ ကယ်ဆယ်ရရှိသူများအား လူနာတင်ယာဉ်အဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ရာ လူနာတင်ယာဉ်အဖွဲ့မှ ကြက်ခြေနီတပ်ဖွဲ့၏ ယာယီရှေးဦးပြုစုခြင်း စခန်းသို့ပို့ဆောင်ခြင်း ကြက်ခြေနီတပ်ဖွဲ့မှ ဒဏ်ရာရရှိ သူများအား ရှေးဦးပြုစုပေးခြင်းများအား ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
ဇာတ်တိုက်လေ့ကျင့်ရာမှုခြင်းကို မြိတ်လေဆိပ်အတွင်း၌ ခရိုင်မီးသတ်ဦးစီးမှူး ဦးစန်းဦး ဦးဆောင်၍ သန္ဓေ+အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ်၊ ကယ်ဆယ်ရေးယာဉ်နှင့် လူနာတင်ယာဉ်များဖြင့် လေယာဉ်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက် လေ့ကျင့်ခဲ့ကြရာ လေ့ကျင့်မှုအား မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဇာတ်တိုက်လေ့ကျင့်မှုအပေါ် သုံးသပ်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်