မြိတ်မြို့တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်း ဆွေး‌နွေးပွဲကျင်းပ

မြိတ် နိုဝင်ဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  ကျောင်းသား/ကျောင်းသူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်း ဆွေး‌နွေးပွဲကို အထက(၁) မြိတ် ပညာဗိမာန်ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျောင်းသား/ကျောင်းသူ လူငယ်များ အသိပညာများ တိုးတက်လာစေရန်၊  ပရိတ်သတ်အရှေ့ တွင် ပြောရဲဆိုရဲသည့် သတ္တိရှိလာစေရန်၊ လူငယ်အချင်းချင်း အသိပညာအတတ်ပညာတွေ ဖလှယ်တတ်စေရန်၊ တစ်ဦးနဲ့တစ်ဦး ယဉ်ကျေးမှုများရှိပြီး ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အမှားအမှန်ခွဲခြား တတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ် တိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

စကားဝိုင်း ဆွေးနွေးပွဲကို မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန်က အဖွင့်အမှာစကားပြောကြား၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြိတ်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါခိုင်က လူငယ်စကားဝိုင်းကျင်းပရသည့်  ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စတင်ခဲ့သည်။

စကားဝိုင်းဆွေးနွေးပွဲတွင် လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်မူးယစ်ဆေး စသည့် ခေါင်းစဉ်များဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဒေါ်ဟေမာန်စိုးက Moderator ဖြင့် ဆောင်ရွက်၍ အထက်တန်းကျောင်းသား၊ ကျောင်းသူ(၆)ဦး ပါဝင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများမှ ဝင်ရောက် ဆွေးနွေး ခဲ့ကြသည်။

ထို့အတူ အထက(၂)မြိတ်တွင်လည်း နေ့လယ်ပိုင်းတွင် လူငယ်စကားဝိုင်း ဆွေး‌နွေးပွဲပြုလုပ်ခဲ့ပြီး စကားဝိုင်းဆွေးနွေးပွဲတွင် လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်များဖြင့် Moderator ဒေါ်ဟေမာန်စိုးနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူ(၆)ဦးမှ ဦးဆောင်၍ ကျောင်းသား/ကျောင်းသူများဖြင့် ‌ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်