ဓနုဖြူ နိုဝင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ထင်း/မီးသွေး အစားထိုး စပါးခွံလောင်စာတောင့်ထုတ်လုပ်ခြင်းကို ရန်ကုန်-ဟင်္သာတ ကားလမ်းဘေး၊ အမှတ် (၁၇)ရပ်ကွက် မိဘဂုဏ်ရည်ဆန်စက်၌ ထုတ်လုပ်လျက်ရှိကြောင်းသိရသည်။
အဆိုပါ စပါးခွံလောင်စာတောင့်ကို အိမ်သုံးမီးဖိုများတွင် သုံးစွဲမည်ဆိုပါက မီးသွေးထက် သုံးပုံ တစ်ပုံသာ ကုန်ကျစရိတ်ရှိမည်ဖြစ်ကြောင်း၊ သစ်တောပြုန်းတီးမှုကို ကာကွယ်ပြီး အခြားလောင်စာတွေထက်များစွာ ကုန်ကျစရိတ်သက်သာသည့် စပါးခွံလောင်စာတောင့်ကို သုံးစွဲသင့်ကြောင်း၊မီးမွေးခါစတွင်သာ မီးခိုးအနည်းငယ် ထွက်သော်လည်း သုံးစွဲပြီးသည်အထိ မီးခိုးမထွက်ဘဲ ကျန်ရှိသောပြာများကိုလည်း စိုက်ပျိုးရေးသုံး EN ဘိုကာရှီ သဘာဝမြေဩဇာ အဖြစ်ပြန်လည်အသုံးပြုနိုင်ပြီး အလုံးစုံစွန်ပစ်ပစ္စည်း မထွက်ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်တွင် အဓိက စပါးစိုက်ပျိုးသော ကျေးရွာများ များပြားပြီး ဟာလာဆန်စက်များ လည်ပတ်လျက်ရှိသဖြင့် ကျေးရွာအတွက်လိုအပ်သော စပါးခွံ လောင်စာတောင့်များ လုံလောက်စွာ ထုတ်လုပ်သုံးစွဲ နိုင်မည်ဖြစ်ကြောင်း၊ ဓာတ်ငွေ့သုံးဘွိုင်လာ နှင့် ဆီဘွိုင်လာများတွင် အသုံးပြုပါက (၄၀%)ခန့်ငွေကြေး ကုန်ကျမှုသက်သာခြင်း၊ စပါးခွံဘွိုင်လာ အသုံးပြုပါက (၂၀%) ခန့်ငွေကြေးပိုသုံးရပြီး ဘွိုင်လာပိုက်များလဲလှယ်ခြင်းနှင့် ပြုပြင်ခြင်းစရိတ် လုံးဝမရှိတော့သည့် အပြင် တိုက်ရိုက်ပြောင်းလဲ အသုံးပြုနိုင်ခြင်း၊ ကျောက်မီးသွေးဘွိုင်လာများတွင် (၁၀%)ခန့် ငွေကြေးအကုန်အကျ သက်သာခြင်း စသည့် စီးပွားရေးဈေးကွက် တွက်ခြေကိုက်မှု များရှိလာမည် ဖြစ်သည်။
အဆိုပါ စပါးခွံလောင်စာတောင့် ၁ တန်လျှင် ၈၀၀၀၀ကျပ်၊ ၃၀ပိဿာ တစ်အိတ်လျှင် ၆၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပြီး ကိုယ်တိုင် Gasifier ဖြင့်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပြီး ဆန်စက်လည်ပတ်ကာ၊ ရန်ကုန်မြို့ သံမဏိစက်ရုံ၊ အရက်ချက်စက်ရုံ၊ စက္ကူစက်ရုံနှင့် အခြားကုန်ထုတ်လုပ်ငန်းများသို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)