ဘားအံ နိုဝင်ဘာ ၂၆
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၁:၀၀)နာရီခန့်က ဘားအံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဘားအံခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ဘားအံခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ကလေးသူငယ်များ ရသင့်ရထိုက်သည့် အခွင့်အရေးများကို ဖော်ဆောင်ပေးနိုင်ရေး၊ ကလေးသူငယ်များကို ကာကွယ်ပေးထားသည့် ဥပဒေများကို ကလေးသူငယ်များ ခံစားခွင့်ရရှိနိုင်ရေး၊ မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေး သဘောတူစာချုပ် ချုပ်ဆိုရာတွင် ပါဝင်သည့် နိုင်ငံဖြစ်ကြောင်းနှင့် ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာများ လုံခြုံမှုရှိစေရေး အတွက် ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားပြီး ဘားအံခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အတွင်းရေးမှူးဒေါ်အေးအေးမူက လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ဘားအံခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များက ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ မိမိတို့ဌာနအလိုက် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဘားအံခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)