ဒေးဒရဲမြို့၌ နွေစပါးစိုက်ပျိုးရာသီတွင် အကျိုးတူလယ်ယာစနစ် ပူးပေါင်းဆောင်ရွက်နိုင်ရေး အစည်းအဝေးကျင်းပ

ဒေးဒရဲ နိုဝင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ကျေးရွာအုပ်စုများက နွေစပါးစိုက်ပျိုးမည့် တောင်သူများ သွင်းအားစုလုပ်ငန်းများ လိုအပ်ချက်မရှိစေရေးအတွက်  အကျိုးတူလယ်ယာစနစ်ဖြင့် နွေစပါးများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့နယ်အတွင်းရှိ နွေစပါးစိုက်ပျိုးမည့်ကျေးရွာအုပ်စု (၆၂)အုပ်စုရှိ တောင်သူများအား တစ်ဧကလျှင် ငွေကျပ် (၂၀၀,၀၀၀)နှုန်းနှင့် ညီမျှသော သွင်းအားစုများထောက်ပံ့ပေးနိုင်ရေးအတွက် တက်ရောက်လာသော ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးမှာကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မင်းထွန်းက မြို့နယ်အတွင်းရှိ တောင်သူများနှင့် ဆန်စက်လုပ်ငန်းရှင်များ ပူးပေါင်း၍ အကျိုးတူလယ်ယာစနစ်ဖြင့် နွေစပါးစိုက်ပျိုးဧက(၂၁၁၀၀)ဧက စတင်လျာထားစိုက်ပျိုးသွားနိုင်ရေးနှင့် စပါးပေါ်ချိန်တွင် သတ်မှတ်စျေးနှုန်းဖြင့် ပြန်လည်ပေးသွင်းရမည့် ကိစ္စရပ်များ၊ အကျိုးတူလယ်ယာစနစ် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းဆွေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါ်နီနီမိုးက အကျိုးတူလယ်ယာစနစ်ဖြင့် တောင်သူများနှင့် လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်လင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များနှင့် မရှင်းလင်းသည့် အချက်အလက်များကို မေးမြန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဖြည့်စွက်ဆွေနွေးခဲ့ကြောင်း သိရသည်။

အေဇာလင်း