မြောင်းမြ နိုဝင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၁၁း၄၅ အချိန်ခန့်က မြောင်းမြမြို့၊ မြကန်သာရပ်ကွက်ရှိ ဒိုဘီကုန်းစျေး ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒိုဘီကုန်းစျေး ကွန်ကရစ်လမ်းကို မြောင်းမြမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် သော်ဇင်သန့်ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ကြောင်း သိရသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြောင်းမြပညာရေး ဒီဂရီကောလိပ်တွင် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများ အတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ ပြီးမြောက်ကြောင်း လက်မှတ် ပေးအပ်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက သင်တန်းဆင်း ဆရာ၊ ဆရာမများအား အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး တိုင်းရင်းသား ဘာသာစကားသင် ဆရာ/ဆရာမများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီးနောက် မြောင်းမြပညာရေးဒီဂရီကောလိပ်အတွက် အလှူငွေများ ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် သင်တန်းသူ သင်တန်းသားများက တိုင်းရင်းသား ရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
အဆိုပါ တိုင်းရင်းသား ဘာသာစကားသင် ဆရာဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲကို သင်တန်းသား သင်တန်းသူ ဆရာ ဆရာမ ၄၀၀ ဦး တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြောင်းမြ (ခရိုင်ပြန်/ဆက်)