ပွင့်ဖြူမြို့နယ်၌ အဋ္ဌမအကြိမ်မြောက် အာစရိယပူဇော်ပွဲအတွက် ကန်တော့ငွေပေးအပ်ပွဲ ကျင်းပ

ပွင့်ဖြူ နိုဝင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူဟောင်းများ စုပေါင်း၍ ကျင်းပပြုလုပ်မည့် အဋ္ဌမအကြိမ်မြောက် အာစရိယပူဇော်ပွဲအတွက် ကန်တော့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် အာစရိယပူဇော်ပွဲ ကျင်းပရေးကော်မတီမှ ဒုတိယဉက္ကဋ္ဌ ဒေါက်တာထွန်းထွန်းက အဋ္ဌမအကြိမ်မြောက် အာစရိယပူဇော်ပွဲအတွက် အပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကို အိမ်တိုင်ရာရောက် ပူဇော်ကန်တော့မည့် အစီအစဉ်နှင့် ကန်တော့ငွေ ကောက်ခံရရှိမှု အခြေအနေအား ရှင်းလင်းပြောကြားသည်။

ထို့နောက်  တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူဟောင်းများက အဋ္ဌမအကြိမ်မြောက် အာစရိယ ပူဇော်ပွဲအထိမ်းအမှတ် အပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကို တစ်ဦးချင်းစီ အလိုက် အိမ်တိုင်ရာရောက် ပူဇော်ကန်တော့မည့် အစီအစဉ်များနှင့် စပ်လျဉ်းပြီး အကြံပြုဆွေးနွေး တင်ပြကြရာ အာစရိယ ပူဇော်ပွဲကျင်းပရေးကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အကြံပြု ဆွေးနွေးချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြပြီး အိမ်တိုင်ရာရောက် သွားရောက်ကန်တော့ကြမည့် ကျောင်းသား၊ ကျောင်းသူဟောင်းများထံ ကန်တော့ငွေများ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူဟောင်းများအဖွဲ့ စုပေါင်း၍ ပွင့်ဖြူမြို့(အ.ထ.က)ကျောင်းတွင် ပညာသင်ကြား ပေးခဲ့သော ဆရာကြီး၊ ဆရာမကြီးများကို လေးစားဂုဏ်ပြုသောအားဖြင့် နှစ်စဉ်  နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အာစရိယပူဇော်ပွဲကို အစဉ်အလာမပျက် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။ ယခုနှစ် ကျင်းပမည့် အဋ္ဌမအကြိမ်မြောက် အာစရိယပူဇော်ပွဲအထိမ်းအမှတ် အပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး စုစုပေါင်း ၁၄၇ ဦးရှိကြောင်း သိရပြီး ပူဇော်ကန်တော့ငွေ အနေဖြင့် အသက်(၈၀)နှစ်အထက် ဆရာကြီး၊ ဆရာမကြီးများကို ကန်တော့ငွေကျပ် ၁၅၀၀၀၀ နှုန်း၊ အသက်(၇၀)နှစ်အထက် ဆရာကြီး၊ ဆရာမကြီးများကို ကန်တော့ငွေကျပ် ၁၃၀၀၀၀ နှုန်း၊ အသက်(၆၀)နှစ်အထက် ဆရာကြီး၊ ဆရာမကြီးများကို ကန်တော့ငွေကျပ် ၁၂၀၀၀၀ နှုန်းစီဖြင့် စုစုပေါင်း ကန်တော့ငွေ ၁၈၈၄၀၀၀၀ အား  ကန်တော့သွားမည်ဖြစ်ကြောင်း သိရပြီး အဝေးရောက် အပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကို Wave Pay (သို့မဟုတ်) KBZ Pay တို့ဖြင့် ပေးပို့ ကန်တော့သွားမည်ဖြစ်ကြောင်း အဆိုပါ အာစရိယပူဇော်ပွဲ ကျင်းပရေးကော်မတီထံမှ သိရသည်။  လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )