ဘားအံ နိုဝင်ဘာ ၂၅
နိုင်ငံ့ဝန်ထမ်းဥပဒေအရပြုလုပ်သော နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်နှင့်ညွှန်ကြားချက်များ ကို လိုက်နာကျင့်သုံးပြီး တိုင်းပြည်မှအားထားရသော တိုင်းရင်းသားဆရာ၊ဆရာမကောင်းများ ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ဘားအံပညာရေးဒီဂရီကောလိပ်တွင် ၁၈ ရက်ကြာ ကျင်းပခဲ့သည့် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမများအတွက် အရည်အသွေးမြှင့်အထောက် အကူပြုဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တိုက်တွန်း ပြောကြားသည်။
အဆိုပါပိတ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခန့်က ဘားအံပညာ ရေးဒီဂရီကောလိပ် သီရိခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ကရင်၊ မွန်၊ ပအိုဝ်းတိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမ ပေါင်း ၃၀၀ ဦးခန့် တက်ရောက်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ပညာရေးဆိုင်ရာမူဝါဒများ၊ ပညာ ရေးပြုပြင်ပြောင်းလဲမှု၏ ဦးစားပေးလုပ်ငန်းစဉ်များ၊ ကမ္ဘာ့စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များကို ရှင်းလင်းပြောကြားရာ၌ ထို့သို့တိုက်တွန်းပြော ကြားခဲ့ခြင်းဖြစ်သည်။
ထို့အတူ ဘားအံပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ဆရာမကြီးကလည်း တိုင်းရင်းသားဘာသာစကား အရည်အသွေးမြှင့်အထောက် အကူပြု ဆွေးနွေးပွဲတက်ရောက်ခဲ့ကြသည့် ဆရာ၊ဆရာမများအား အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားဘာသာစကားသင်ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်အထောက် အကူပြုဆွေးနွေးပွဲတက်ရောက်ပြီးမြောက် ကြောင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။
အခမ်းအနားတွင် တိုင်းရင်းသားဘာသာစကားသင်ဆရာ၊ဆရာမများက ပန်းတိုင်းပွင့်ပါစေ၊ ကောက် စိုက်ချိန်၊ စကားဝါမြေ၊ နှုတ်မဆက်ချင်ဘူး တေးသီချင်းများဖြင့် တေးသရုပ်ဖော်ကပြ ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကာ တိုင်းရင်းသားဘာသာ စကားသင်ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကားများပြောကြားခဲ့ကြောင်းနှင့် မွန်းလွဲပိုင်းတွင် အဆိုပါဆရာ၊ဆရာမများသည် ကရင်ပြည်နယ်အစိုးရ အဖွဲ့၏ အစီအစဉ်ဖြင့် ဘားအံမြို့နှင့် ပတ်ဝန်းကျင်ဒေသများသို့ လေ့လာရေးခရီးသွားရောက်လေ့ လာလည်ပတ်ကြမည် ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ဘားအံခရိုင်ပြန်/ဆက်)