ညောင်လေးပင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကျင်းပ

ညောင်လေးပင် နိုဝင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ပြွန်တန်ဆာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းတွင် လူငယ်များအသိပညာပိုမိုတိုးတက်လာစေရန် ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၁)နာရီအချိန်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းမှ လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ကျောင်းသားကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး လူငယ်စကားဝိုင်းအားစတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်း၊ တွဲဖက်ဦးဆောင်ဆွေးနွေးသူအဖြစ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်မိုးစန္ဒာဝင်းတို့က စတင်ဆွေးနွေးရာ Grade(11)နှင့် Grade(10) ကျောင်းသားကျောင်းသူ(၆)ဦးတို့မှ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ ရည်မှန်းချက်မှသည် အောင်မြင်မှုပန်းတိုင်ဆီသို့၊ လူငယ်နှင့်ငြင်းခုံခြင်း၊ Facebook ကို ဘာအတွက်အသုံးပြုမလဲ၊ လူငယ်နှင့်မိမိကိုယ်မိမိယုံကြည်အားကိုးစိတ်၊ လူငယ်နှင့်ဆေးလိပ်အန္တရာယ်အစရှိသည့် အကြောင်းအရာများအား ဆွေးနွေးသွားခဲ့သည်။

ယင်းနောက် တက်ရောက်လာသော ကျောင်းသားကျောင်းသူများမှ မိမိတို့သိရှိလိုသည့်အကြောင်းအရာများအား မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ထိုနောက် မြို့နယ်ပညာရေးမှူးဦးစောဝါးလယ်ထူးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး၊မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ အသင်းဝင်များ၊ အထက(၂)ပြွန်တန်ဆာမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူ (၁၅၅)ဦးတို့တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကျောင်းသားကျောင်းသူများမှ စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်းသိရသည်။

မြို့နယ်ပြန်ဆက်