ငွေဆောင်မြို့၊ အလယ်ရွာကျေးရွာအုပ်စု၊ လိပ်အင်းကုန်းကျေးရွာတွင် နေကြာမျိုးစေ့ချခြင်းနှင့် ထွန်ယက်ခြင်း အခမ်းအနားကျင်းပ

ငွေဆောင် နိုဝင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အလယ်ရွာကျေးရွာအုပ်စု၊ လိပ်အင်းကုန်း ကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ဆောင်းသီးနှံနေကြာ စိုက်ပျိုးမည့် လယ်၅ဧကအား စုပေါင်းထွန်ယက်ခြင်းနှင့် မျိုးစေ့ချခြင်း အခမ်းအနားအား ယနေ့နံနက် ၁၀နာရီက ပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ပုသိမ်မြို့နယ်မှ စိုက်ပျိုးရေးဦးစီးမှူး ဦးဆန်းဝင်း၊ မြေစာရင်းဦးစီးမှူး၊ စီမံကိန်းဦးစီးမှူး၊ စက်မှုလယ်ယာဦးစီးမှူး၊ သစ်တောဦးစီးမှူး၊ ဆည်မြောင်းဦးစီးမှူး စသည့် မြို့နယ် စိုက်/တိုး/မြှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကာ အလယ်ရွာကျေးရွာအုပ်စုရှိ ဆောင်းသီးနှံနေကြာ စိုက်ပျိုးမည့် တောင်သူ ၅၅ဦး လာရောက်ခဲ့ကြောင်း သိရသည်။  

အဆိုပါ အခမ်းအနားတွင် ငွေဆောင်မြို့၊ စိုက်ပျိုးရေးဦးစီးမှူး ဦးလှိုင်မျိုးသန့်မှ နေကြာပင် သက်တမ်းတလျှောက် ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များနှင့် ပက်သက်၍ တောင်သူများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ အခမ်းအနားသို့ တက်ရောက်လာကြသော တောင်သူများမှလည်း ဆောင်းသီးနှံနေကြာနှင့် ပတ်သက်၍ မိမိတို့သိလိုသည်များကို မေးမြန်းခဲ့ပြီး တာဝန်ရှိသူများမှ ပြန်လှန် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော တောင်သူများနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ နေကြာမျိုးစေ့ချခြင်း အခမ်းအနားအား ဆက်လက်ဆောင်ရွက် ခဲ့ကြကြောင်း သတင်းရရှိသည်။

ကျော်လင်းဦး( ပြန်/ဆက်)