ကျုံပျော်တွင် ထိန်းချုပ်ဓာတုပစ္စည်းများဆိုင်ရာ ခရိုင်အဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

ကျုံပျော် နိုဝင်ဘာ ၂၅

ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကြောင့် သက်ရှိသတ္တဝါများအား ဘေးအန္တရာယ် ဖြစ်စေခြင်းနှင့် သဘာဝပတ်ဝန်းကျင် အရင်းအမြစ်များကို ထိခိုက်ပျက်စီးစေခြင်းမှ ကာကွယ် နိုင်ရန်အတွက် ထိန်းချုပ်ဓာတုပစ္စည်းများဆိုင်ရာ ခရိုင်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ဧရာဝတီ တိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ  ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက လူငယ်များအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်ရန်အတွက် မူးယစ်ဆေးဝါး ဘေးအန္တရာယ်ကင်းဝေးဖို့ လိုအပ်ကြောင်း၊ အားလုံးပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ ယခုဆွေးနွေးမှုများကို ပြည်သူများထံ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အမှတ်(၄၉) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ပုသိမ်)မှ ဒုရဲမှူး ကျော်ကျော်ဝင်းက ထိန်းချုပ်ဓာတုဗေဒ ပစ္စည်းများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ခရိုင်စီမံအုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဟိန်းမောင်မြင့်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ခင်မောင်လွင်နှင့် တက်ရောက်လာသော ဌာနဆိုင်ရာများ လုပ်ငန်းရှင်များက  မူးယစ်ဆေးဝါး၏ ဆိုကျိုးများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိရေး ဆောင်ရွက်ရန် ဖြည့်စွက်အကြံပြု ဆွေးနွေးခဲ့ကြပြီး၊ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျုံပျော်၊ ရေကြည်နှင့် ကျောင်းကုန်းမြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ အသီးသီး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)