ပင်လည်ဘူးမြို့၌ ကူးစက်မြန် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူများအား အသိပေးနှိုးဆော်မှုများ အရှိန်မြှင့်ဆောင်ရွက်

ပင်လည်ဘူး   စက်တင်ဘာ   ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပေးနှိုးဆော် ဆောင်ရွက်မှုများကို အသံချဲ့စက်ဖြင့် မြို့နယ်သက်ဆိုင်ရာ တာဝန်ရှိသူများမှ မြို့ပေါ်ရပ်ကွက်များတွင် နေ့စဉ် အရှိန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် ပြည်သူများ အနေဖြင့် တတ်နိုင်သမျှ လူစုလူဝေးများရှောင်ရန်၊ အပြင်ထွက်တိုင်းနှာခေါင်းစည်း (Mask) တပ်ဆင်ရန်၊ အပြင်ကပြန်လာတိုင်း၊ ပစ္စည်းတစ်ခုခု ကိုင်ပြီးတိုင်း လက်များကို ဆပ်ပြာဖြင့်ဆေးကြောရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရန်၊ ရှောင်ရန်များ၊ လိုက်နာရမည့်စည်းကမ်းချက်များ၊ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါဖြစ်ပွားနေမှု အခြေအနေများ၊ မြို့နယ်ပြင်ပ ခရီးသွားသူများ၊ ပြန်လာသူများအား မိမိနေထိုင်ရာ ရပ်ကွက်ထောက်ခံစာများ ယူဆောင်သွားကြရန်နှင့် ယူလာကြရန် အသိပေးနှိုးဆော်မှုများကို ရပ်ကွက်များသို့ လှည့်လည်ပြီး အသံချဲ့စက်ဖြင့် အရှိန်မြှင့် ပြုလုပ်‌ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ပင်လည်ဘူးမြို့နယ်တွင် ကူးစက်မြန် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး Community Based Facility Quarantine ထားရှိရန် နေရာ ၁၄ နေရာ ပြုလုပ်ဆောင်ရွက်ထားရှိပြီး ကန့်သတ် နယ်မြေ ပြည်တွင်း ပြည်ပ ပြန် Facility Quarantine ထားရှိသူ ၂၀ ဦးရှိကာ နေ့စဉ်ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီးလက်ရှိ ကျန်းမာရေးများ ကောင်းမွန်လျက်ရှိကြောင်း သိရ သည်။

 မျိုးလွင်(ပင်လည်ဘူး)