ပုသိမ်မြို့တွင် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ပုသိမ် နိုဝင်ဘာ ၂၅

ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပပြုလုပ်သော ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာအလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရေးလုပ်ငန်းကော်မတီ၏ အိမ်တွင်းလျှပ်စစ် သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို ပုသိမ်မြို့၊ ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်းတွင် ယနေ့၊ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ပုသိမ်)ကျောင်းအုပ်ကြီး ဦးသူရနိုင်က မိသားစု အတွက်ပိုမိုကောင်းမွန်သော အသက်မွေး၀မ်းကျောင်းအလုပ် အကိုင်အခွင့်အလမ်းများ ရရှိလာစေရေး၊ လုပ်ငန်းခွင်၀င်ရောက်နေသော ကလေးများအား မိမိဘ၀ ရပ်တည်နိုင်စေရေး၊ မိသားစု၀င်ငွေ တိုးတက်ရရှိရေး၊ အန္တရာယ်ရှိသော အလုပ်အကိုင်များတွင် ကလေးအလုပ်သမားများ ပပျောက်လာစေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး တို့ကိုရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ပုသိမ်) ကျောင်းအုပ်ကြီး ဦးသူရနိုင်မှ သင်တန်းတွင် ဆုရရှိသော သင်တန်းသားများအား ပထမ၊ ဒုတိယနှင့် တတိယဆုများ ပေးအပ်ချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် သင်တန်းသားအားလုံးကိုယ်စား သင်တန်းသားတစ်ဦးကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် သင်တန်းများကိုယ်စား သင်တန်းသား မောင်စည်သူလင်းမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါသင်တန်းကို အောက်တိုဘာလ(၂၈)ရက်နေ့မှ နိုဝင်ဘာလ (၂၅)ရက်နေ့ထိ (၁)လကြာ စာတွေ့၊ လက်တွေ့ အခမဲ့သင်ကြားပေးခဲ့ပြီး သင်တန်းသား စုစုပေါင်း (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ လာမည့် ဒီဇင်ဘာလတွင် Aircon တပ်ဆင်ပြင်ဆင်ခြင်းသင်တန်းကို ဆက်လက်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြင့်ဟန်

ပုသိမ်ခရိုင် (ပြန်/ဆက်)