သနပ်ပင် နိုဝင်ဘာလ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ဇီဇဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးကျော်မြင့်က အမှာစကားပြောကြားရာတွင် ယခုလိုစကားဝိုင်းပြုလုပ်ပေးသည့်အတွက် လူငယ်များအချင်းချင်း အသိပညာများတိုးပွားလာစေပြီး များစွာအကျိုးကျေးဇူးများကြောင်း၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း အလှည့်ကျစနစ်ဖြင့် ပြုလုပ်ပေးစေလိုကြောင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ညိုပြာမှ လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အ-ထ-က(သနပ်ပင်) ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာအောက်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ဆက်လက်၍ လူငယ်စကားဝိုင်းစတင်ခဲ့ရာ အ-ထ-က(သနပ်ပင်) Grade (10)နှင့် Grade (11)မှ ကျောင်းသား၊ ကျောင်သူ(၄)ဦးတို့က လူငယ်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူး၊ လူငယ်နှင့်အားကစား၊ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံခြင်းအကျိုးကျေးဇူး၊ လူငယ်နှင့်မူးယစ်ဆေး အစရှိသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးကြကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်ပညာရေးမှူးဦးကျော်မြင့်၊ အ-ထ-က(သနပ်ပင်) ကျောင်းအုပ်ဆရာမကြီးဒေါ်စန္ဒာအောင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၅၀)ဦးတက်ရောက်ကြကြောင်း သိရှိရသည်။
လှမိုး