မြဝတီမြို့၌ ဌာနဆိုင်ရာ ဝန်ထမ်းများမှ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ပြည်သူများနှင့် တွေ့ဆုံ

မြဝတီ နိုဝင်ဘာ ၂၅

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ စိုက်ပျိုးရေးဇုန်ရှိ ဗုဒ္ဓကျေးဇူးကျောင်းတိုက်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများက ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ပြည်သူများနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရှေ့လုပ်ငန်းစဉ်များ၊ မြဝတီမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများ၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံ့ခြင်းဆိုင်ရာများ ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်နိုင်ဦးက နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ၊ လမ်းတံတား၊ မြေယာဆိုင်ရာ ကိစ္စရပ်များ၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးနေမှု အခြေအနေများ၊ လျှပ်စစ်မီးရှိရေးဆိုင်ရာများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများ၊ မသန်စွမ်းနှင့် လူမှုရေးကူညီထောက်ပံ့ပေးနေမှုအခြေအနေများ၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် စည်ပင်သာယာရေးဆိုင်ရာ ကိစ္စရပ်များအား သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းပြောကြားသည်။

အလားတူ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရေးနှင့် မှန်ကန်သည့် သတင်းအချက်အလက်များ မှန်မှန်ကန်ကန် သိရှိစေရေးဆိုင်ရာများအား အသိပညာပေးဟောပြောသည်။

ဆက်လက်ပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် မိဘပြည်သူများက သိရှိလိုသည်များ၊ အခက်အခဲများအား  တင်ပြဆွေးနွေးကြရာ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြီး ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)