မြိတ် စက်တင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ ကျေးရွာ(၂)ရွာ၌ စက်တင်ဘာလ(၁၉)ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ကျေးရွာရှိ ချောင်းအနီး လူနေအိမ်(၆၇)လုံး ရေဝင် ရောက်မှုဖြစ်ခဲ့၍ ခေတ္တပြောင်းရွေ့နေထိုင် ခဲ့သည့် ပြည်သူများ ယမန်နေ့တွင် ရေပြန်ကျသဖြင့် ၄င်းတို့နေအိမ်များတွင် ပုံမှန်အတိုင်း ပြန်လည် နေထိုင်လျက်ရှိကြကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်များ ရေဝင်ရောက်ခဲ့ သည့် အလယ်ချောင်ကျေးရွာရှိ ပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝေ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး နှင့် တာဝန်ရှိသူများ သွားရောက် တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့သည့် အိမ်ထောင်စု (၁၆)စု လူဦးရေ(၈၃)ဦးအတွက် ဆန်ဖိုး(၇)ရက် စာထောက်ပံ့ ငွေ(၁၇၄၃၀၀)ကျပ်နှင့် နှာခေါင်းစည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ထို့အတူ နေအိမ်များရေဝင်ရောက်ခဲ့သည့် ပပြင်ကျေးရွာရှိ ပြည်သူများအား ယမန်နေ့က ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီး ဌာနမှ အိမ်ထောင်စု(၅၁)စု လူဦးရေ(၂၃၀)ဦးအတွက် ဆန်ဖိုး(၇)ရက်စာ ထောက်ပံ့ငွေ (၄၈၃၀၀၀) ကျပ် နှင့် နှာခေါင်းစည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ ရေဝင် ရောက်ခဲ့စဉ် ရေလွှတ်သည့် နေရာများသို့ တာဝန်ရှိသူများက ခေတ္တ ပြောင်းရွေ့ နေထိုင်စေခဲ့ကာ ရေဝင်ရောက်မှု ကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှု မရှိကြောင်း၊ ရေပြန်ကျသဖြင့် ပြည်သူများမှ ၄င်းတို့နေအိမ်များ၌ ပုံမှန်အတိုင်း ပြန်လည်နေထိုင် လျက်ရှိကြကြောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )