ကဝ နိုဝင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက အ.ထ.က(အုန်းနှဲ)ကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သိန်းက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက လူငယ်နှင့်အခွင့်အလမ်းခေါင်းစဉ်ဖြင့် အခွင့်အရေးဆိုတာ သူများပေးမှရတာဖြစ်ပြီး အခွင့်အလမ်းက ကိုယ်တိုင်ဖန်တီးယူလို့ရတယ်၊ လောကကြီးမှာ ဘယ်လောက်ဘဲ ကံမကောင်းသူဖြစ်ပါစေ အခွင့်အရေးတစ်ကြိမ်တော့ရနိုင်ပါတယ်၊ ရရှိလာတဲ့ အခွင့်အရေးကို ဖမ်းဆုပ်နိုင်ဖို့ ကိုယ့်ဘက်က အမြဲတမ်းပြင်ဆင်ထားရန် လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူး ဦးစစ်နိုင်ဦးက အားကစားဆိုတာဘာလဲ၊ အားကစား အမျိုးအစား(၄)မျိုးအကြောင်း၊ အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူး၊ ကျန်းမာရေးအတွက် နေ့စဉ်ကိုယ်လက်လှုပ်ရှား အားကစားများပြုလုပ်ရန်နှင့် ခေါင်းဆောင်မှုအပိုင်းတို့ကို ပြောကြားပြီး၊ ကျောင်းအုပ်ဆရာမကြီးအား အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)