တောင်ငူ နိုဝင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၏ ကျောင်းအခြေပြုအခြေခံ/ အဆင့်မြင့်စက်ချုပ်သင်တန်းအပတ်စဉ် ၅/၂၀၂၂ သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ တောင်ငူခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်နီနီရွှေက အမျိုးသမီးများအနေဖြင့် အိမ်ထောင်ထိန်းသိမ်းမှု ပညာရပ်များကိုတတ်ကျွမ်းခြင်းအားဖြင့် အလုပ်အကိုင်ရရှိစေရန်၊ အမျိုးသမီးများ အမှီအခိုကင်းစွာဖြင့် မိမိဘဝမိမိရပ်တည်နိုင်စေရန်၊ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေ ပိုမိုရရှိလာစေရန်နှင့် အိမ်ထောင်ရေး သာယာစိုပြေစေရန်ရည်ရွယ်၍ အမျိုးသမီးများ အိမ်တွင်းမှုအသက်မွေးဝမ်းကျောင်း ပညာရပ်များကို သက်သာသောသင်တန်းကြေး၊ သင်ထောက်ကူပစ္စည်းပြည့်စုံစွာနဲ့ သင်ယူနိုင်တဲ့ ကျောင်းပြင်ပရပ်ရွာအခြေပြု သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း အိမ်တွင်းမှုသက်မွေးကျောင်းပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာသင်ကြားပြီး အကျိုးရှိရှိအသုံးချနိုင်ပါက အတန်းပညာနည်းသူများအတွက် မိမိဘဝကိုအများနည်းတူ ရပ်တည်နေထိုင်နိုင်ပြီး တစ်ပိုင်တစ်နိုင်စီးပွားရေးမှ ကိုယ်ပိုင်လုပ်ငန်း၊ ကိုယ်ပိုင်ဝင်ငွေ ရရှိသည်အထိ လုပ်ဆောင်နိုင်အောင် ဆက်လက်ကြိုးစားလုပ်ဆောင်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ဌေးဌေးမြင့်က သင်တန်းသူများအနေဖြင့် ဆက်လက်ဖွင့်လှစ်မည့် သင်တန်းများကိုလည်း ကြိုးစားတက်ရောက်စေလိုကြောင်း ပြောကြားသည်။
ယင်းနောက် သင်တန်းသား၊ သင်တန်းသူ(၄၀)ဦးအနက် ထူးချွန်ဆုရရှိသည့် ကျောင်းသူတစ်ဦးအား အပ်ချုပ်စက်တစ်လုံးနှင့် တက်ရောက်ကြသည့် သင်တန်းသားများအားလုံးကို သင်တန်းဆင်းလက်မှတ်များပေးအပ်ရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး သင်တန်းဆင်းပွဲသို့ တက်ရောက်ကြသူများက သင်တန်းသား၊ သင်တန်းသူများ၏ အင်္ကျီဒီဇိုင်းလက်ရာများကို ကြည့်ရှုအားပေးကြသည်။
အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း(တောင်ငူ)အနေဖြင့် ကျောင်းအခြေပြုအခြေခံ/ အဆင့်မြင့်စက်ချုပ်သင်တန်းကို အပတ်စဉ်(၅)ခုအထိ သင်တန်းသား၊ သင်တန်းသူ(၂၁၃)ဦးကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီး ထူးချွန်သည့် သင်တန်းသား(၁)ဦးနှင့် သင်တန်းသူ(၄)ဦးကို အပ်ချုပ်စက်တစ်လုံးစီ ပေးအပ်ချီးမြှင့်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်