ကျွန်းစုမြို့တွင် အခြေခံလူတန်းစား အိမ်ထောင်စု(၂၃၈၄၅)အတွက် ငွေကျပ် သိန်းပေါင်း(၄၇၆၉)သိန်း တတိယအကြိမ် ထောက်ပံ့ပေးအပ်

ကျွန်းစု စက်တင်ဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် နိုင်ငံတော်မှ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး နှင့်တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂)သောင်းနှုန်းဖြင့် အခြေခံလူတန်းစားအိမ်ထောင်စု (၂၃၈၄၅)အတွက် ငွေကျပ် သိန်းပေါင်း(၄၇၆၉)သိန်းကို မြို့နယ်ကျွန်းရတနာခန်းမ၌ ယနေ့ နံနက်ပိုင်းက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးမှ တစ်ဆင့် ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ငွေကြေးထောက်ပံ့မှု ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးက ထောက်ပံ့ငွေများကို အခြေခံလူတန်းစားများထံ လက်ဝယ်အရောက် အမြန်ထုတ် ပေးသွားရန် စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ပြီး ကျွန်းစုမြို့နယ်တွင် ကျေးရွာအုပ်စု(၂၇)စုရှိပြီး အိမ်ထောင်စု(၃၅၆၉၃)စုရှိ၍ အခြေခံလူတန်းစားအိမ်ထောင်စု (၂၃၈၄၅)စုရှိပြီး လူဦးရေ စုစုပေါင်း(၁၂၀၃၇၆)ဦးရှိရာ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂)သောင်းနှုန်းဖြင့် စုစုပေါင်း သိန်းပေါင်း(၄၇၆၉)သိန်းကို ကျွန်းစုမြို့နယ် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ငွေကြေးထောက်ပံ့မှု ကြီးကြပ်ကွပ်ကဲရေးကော်မတီမှ တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာများအလိုက် သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား လွှဲပြောင်းပေးအပ်ခဲ့ပြီး ၎င်းမှတစ်ဆင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားထံသို့ ထောက်ပံ့ပေးအပ် သွားမည်ဖြစ်သည်။

ထိုနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ ခွဲဝေပေးသည့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး ပစ္စည်း(၄)မျိုးအား ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)