မင်းဘူး စက်တင်ဘာ ၂၁
၂၀၂၀ ပြည်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ စုပေါင်းသွေးလှူဒါန်းပွဲကို မင်းဘူးခရိုင်တွင်းရှိ ရဲတပ်ဖွဲ့ဝင်များစုပေါင်း၍ မင်းဘူးမြို့ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက်ပိုင်းက စုပေါင်း သွေးလှူဒါန်းခဲ့ကြောင်း မင်းဘူးမြို့မ ရဲစခန်းမှ သိရသည်။
ထိုသို့သွေးလှူဒါန်းရာတွင် မင်းဘူးခရိုင်ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၂၈ ဦးတို့က စုပေါင်း သွေးလှူဒါန်းခဲ့ကြပြီး သွေးအလှူရှင်များကို ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီးမှ ကျေးဇူးတင် စကားပြောကြားပြီးနောက် အစာအဟာရ ဖြည့်စွက်စာများကို ပြန်လည်ပေးအပ်ခဲ့ကြသည်။
သွေးလှူဒါန်းရခြင်းနှင့်ပတ်သက်၍ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စိုးမင်းသန့်က “၁၉၆၄ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေကို စတင်သတ်မှတ်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ ရည်မှန်းချက်တာဝန် ၄ ရပ်မှာ ပထမအချက်က ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ကိုဗစ်-၁၉ ကာလမှာ အလုပ်အကိုင်ရှားပါးမှု၊ ဝင်ငွေနည်းပါးမှုများကြောင့် ဒုစရိုက်အမှုများ မဖြစ်ပွားစေဖို့ လှည့်ကင်း လုံခြုံရေးများကိုလည်း အထူးအလေးထား ဆောင်ရွက်နေကြောင်း၊ နောက်ဆုံးတစ်ချက်ဖြစ်သော ပြည်သူ့အကျိုးပြု လုပ်ငန်းဆောင်ရွက်ချက်နဲ့အညီ ပြည်သူများ၏ ကျန်းမာရေးအတွက် ရဲတပ်ဖွဲ့ဝင်များ စုပေါင်း၍ ယခုလို သွေးလှူဒါန်း ရခြင်းဖြစ်ကြောင်း” ရှင်းလင်းပြောကြားသည်။
အဆိုပါသွေးလှူဒါန်ပွဲသို့ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စိုးမင်းသန့်နှင့် ခရိုင်/ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်နှင့် ကျန်းမာရေး တာဝန်ခံများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မောင်မောင်(မင်းဘူး)