ပဲခူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကမာနတ်၌ လူငယ်စကားဝိုင်း ကျင်းပ

ပဲခူး နိုဝင်ဘာလ ၂၅

လူငယ်များဘက်စုံ   ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ပဲခူးမြို့အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကမာနတ်ရှိ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကမာနတ်မှ ကျောင်းအုပ်ဆရာမကြီးဒေါ်သန်းသန်းနုက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများသည် အသိပညာ၊ အတက်ပညာနှင့် ပြည့်စုံသည့်လူငယ်များပေါ်ထွန်းလာစေရန်လိုအပ်ပါကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့်ပြည့်စုံမှသာ နိုင်ငံတာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား/ ကျောင်းသူအချင်းချင်း ရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်နှင့် ယဉ်ကျေးလိမ္မာစွာ ပြောဆိုဆက်ဆံတတ်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းအားစတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်‌ယဉ်ယဉ်နု တွဲဖက်ဦးဆောင်ဆွေးနွေးသူအဖြစ် ပဲခူးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သန္တာဝင်းတို့က ဦးဆောင်ဆွေးနွေးကာ (Grade-11)မှကျောင်းသား     မောင်မင်းဇေယျာကျော်နှင့် မောင်ကောင်းမြတ်ကျော် (Grade-10)မှ ကျောင်းသူမသက်မွန်ကျော်နှင့် မယမင်းသူ(၄)ဦးတို့က စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ လူငယ်နှင့်အားကစား Social Media သုံးခြင်း၏ ကောင်းကျိုး/ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများအစရှိသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက်   တက်ရောက်လာကြသည့်    ကျောင်းသား/ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကမာနတ်မှ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစု‌ပေါင်း(၂၈၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ ဆက်)